Thursday, November 3, 2016

မိုဆူးလ်တိုက်ပွဲ အရှိန်မြင့်လာချိန်တွင် အိုင်အက်စ်ခေါင်းဆောင်၏ ရှားရှားပါးပါး ကြေညာချက်တစ်ခု ထွက်ပေါ်လာ

မိုဆူးလ်မြို့အနီး ချဉ်းကပ်လာသည့် အီရတ်တပ်ဖွဲ့ဝင်များ။

မိုဆူးလ်မြို့ကို လက်လွှတ်ရမည့် အခြေအနေ နီးစပ်လာချိန်တွင် အိုင်အက်စ်ခေါင်းဆောင် အဘူဘေကာ အယ်လ် ဘဂ္ဂဒက်ဒီက ရှားရှားပါးပါး ကြေညာချက်တစ်စောင် ထုတ်ပြန်လာခဲ့ကြောင်း သိရသည်။

အီရတ်ပိုင်နက်တွင် အိုင်အက်စ် စစ်သွေးကြွများ၏ အဓိက နောက်ဆုံးခြေကုတ်စခန်းဖြစ်သည့် မိုဆူးလ်မြို့ အစွန်အဖျားထိ အစိုးရနှင့် မဟာမိတ် ပူးပေါင်းတပ်များက ချဉ်းကပ်လာပြီး စစ်ဆင်ရေး အောင်မြင်မှုများ ရနေသော်လည်း မိုဆူးလ်တိုက်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ချက် ရှိနေဆဲဖြစ်ကြောင်း ဘဂ္ဂဒက်ဒီက ကြေညာချက်အတွင်း ထည့်သွင်း ပြောကြားထားသည်။

အမေရိကန်နှင့် အီရတ် စစ်ဘက် အရာရှိများက အီရတ်မြောက်ပိုင်းရှိ နိုင်ငံ၏ ဒုတိယ အကြီးမားဆုံး မြို့ထဲတွင် အိုင်အက်စ် တိုက်ခိုက်ရေးသမား ၅၀၀၀ ဝန်းကျင်မျှ ခိုအောင်းနေဆဲဟု ခန့်မှန်းထားသည်။

၃၂ မိနစ်မျှ ကြာမြင့်သည့် အသံဖိုင်ထဲတွင် အယ်လ်ဘဂ္ဂဒက်ဒီက မိုဆူးလ်ရှိ အိုင်အက်စ် စစ်သွေးကြွများအား “သင်တို့ရဲ့ ခံတပ်နယ်မြေကို ဂုဏ်သိက္ခာရှိစွာ ဆက်ပြီး ထိန်းချုပ်ထားပါ။ ဆုတ်ခွာ ထွက်ပြေးခြင်းဟာ အင်မတန် ကျက်သရေ ကင်းမဲ့တဲ့ သူရဲဘောကြောင်မှု ဖြစ်တယ်”ဟု တိုက်တွန်းထားသည်။

CNNက အဆိုပါ ဗီဒီယိုထဲတွင် ပြောဆိုထားသူမှာ ဘဂ္ဂဒက်ဒီ အစစ်အမှန် ဟုတ်မဟုတ် တိကျစွာ အတည်မပြုနိုင်သေးဟု ဖော်ပြခဲ့သည်။ သို့သော် မိုဆူးလ်တိုက်ပွဲ အရှိန်မြင့်လာချိန်နှင့် တိုက်ဆိုင်စွာ ယခုဗီဒီယို ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် ဆီးရီးယားနှင့် နယ်စပ်အနီး တူရကီတပ်များ စုရုံးနေမှု အကြောင်းကိုပါ ထည့်သွင်း ပြောဆိုထားရာ လတ်တလော အသံသွင်းထားခြင်းဖြစ်ကြောင်း သေချာနေသည်။

ဘဂ္ဂဒက်ဒီက “သင်တို့အနေနဲ့ တစ်စုတစ်စည်းတည်း စုပေါင်းပြီး ရန်သူကို တွန်းလှန် တိုက်ခိုက်ရမယ်။ ဘုရားသခင်ရဲ့ နှုတ်မြွက်စကားတွေကို ကမ္ဘာမြေပေါ် တည်မြဲစေရမယ်။ အစ္စလာမ်မစ်နိုင်ငံ (အိုင်အက်စ်)ရဲ့ စစ်သည်တော်တို့။ စိတ်ရှည်ကြပါ။ ဘာကြောင့်လဲဆိုတော့ သင်တို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့်ပဲ။ စိတ်ရှည်ပါ။ ဘုရားသခင်ဟာ သင်တို့နဲ့အတူ ရှိနေပါတယ်”ဟုလည်း ပြောကြားထားသည်။

အယ်လ်ဘဂ္ဂဒက်ဒီသည် အိုင်အက်စ် ခေါင်းဆောင်အဖြစ် ကမ္ဘာသိ ထင်ရှားမလာမီ ၂၀၀၄ ခုနှစ်က ဖော်လူဂျာမြို့ အနီးတွင် အမေရိကန် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရဖူးသည်။ သို့သော် ၎င်းအဘယ်ကြောင့် ထိန်းသိမ်းခံရသည် ဆိုခြင်းမှာမူ သတင်းအမျိုးမျိုး ထွက်လျက်ရှိသည်။ အယ်လ်ဘဂ္ဂဒက်ဒီသည် ထိုနှစ် နှစ်ကုန်ပိုင်းထိ ကမ့်ဘက္ကာ စစ်စခန်းတွင် ကိုးလကျော်မျှ ထိန်းသိမ်းခံရပြီးနောက် ပြန်လွတ်သွားခဲ့ခြင်းဟုလည်း သိရှိရသည်။

Ref: CNN

No comments:

Post a Comment