Thursday, June 28, 2018

ထိုင်းလူငယ်များ ပျောက်ဆုံးနေတဲ့ မယ်ဆိုင်ဂူထဲမှာ လမ်းပျောက်ခဲ့ဖူးပြီး ပြန်ထွက်နိုင်ခဲ့သူရဲ့ အတွေ့အကြုံ

ထိုင်းလူငယ်အုပ်စု ပျောက်ဆုံးနေတဲ့ မယ်ဆိုင်ဂူအတွင်း ၎င်းကိုယ်တိုင် လမ်းပျောက်ခဲ့ဖူးပြီး ဂူအပြင်ကို ဘေးမသီရန်မခ ပြန်ထွက်လာနိုင်ခဲ့သူ ချင်ရိုင်းဒေသခံ အမျိုးသားတစ်ဦးက ၎င်းရဲ့ အတွေ့အကြုံကို ပြန်လည် ဖွင့်ဟပြောခဲ့ပါတယ်။

play

Tham Luang Nang Non ဂူထဲမှာ လမ်းပျောက်ပိတ်မိခဲ့ဖူးပြီး ပြန်ထွက်လာနိုင်ခဲ့မှုက အံ့သြဖွယ်ရာဖြစ်တယ်လို့ Intu Incharoen အမည်ရှိ အမျိုးသားက ၎င်းရဲ့အဖြစ်ကို ပြောပြခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်အတွင်း Intu နဲ့ ၎င်းရဲ့ သူငယ်ချင်းလေးဦးဟာ အဆိုပါဂူအတွင်း ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Intu နဲ့ သူငယ်ချင်းလေးဦးဟာ လှိုဏ်ဂူထဲကို ရောက်ရှိခဲ့ပြီးနောက် မကြာမီမှာပင် လမ်းပျောက်သွားပြီး ပြန်မထွက်နိုင် ဖြစ်ခဲ့ကြပါတယ်။ "ကျွန်တော်တို့ ဂူထဲမှာလမ်းပျောက်သွားခဲ့တယ်၊ ပြန်မထွက်နိုင်တော့လောက်အောင်ကို ဖြစ်ခဲ့တာ" လို့ အသက် ၃၄ နှစ်အရွယ် Intu က Reuters သတင်းဌာနကို ပြောပါတယ်။

play

လှိုဏ်ဂူရဲ့ ကြမ်းပြင်မှာ အခေါင်းပေါက်တွေရှိပြီး လှိုဏ်ခေါင်း အများအပြားလည်းရှိကြောင်းနဲ့ အချို့ဟာ အောက်ဘက်ကို မည်မျှအထိရောက်အောင် နက်ရှိုင်းကြောင်း မသိရဘူးလို့ဆိုပါတယ်။

"ဂူကြမ်းပြင်ကနေ အခေါင်းပေါက်ထဲကို ကျသွားနိုင်တယ်၊ လှိုဏ်ခေါင်းလမ်းကြောင်းတွေ အများကြီးရှိပြီး ရှုပ်ယှက်ခတ်နေတယ်၊ ဒီလှိုဏ်ဂူက ဝင်္ကဘာတစ်ခုပဲ၊ အရမ်းနက်တော့ ဘယ်နေရာမှာ အဆုံးသတ်တယ်ဆိုတာ မပြောနိုင်ဘူး" လို့ Intu က ပြောပါတယ်။

play

Intu နဲ့ သူငယ်ချင်းလေးဦးဟာ Tham Luang Nang Non ဂူထဲမှာ လမ်းပျောက်သွားခဲ့ပြီး ၎င်းတို့ လာရောက်ခဲ့တဲ့ လမ်းကြောင်းကိုလည်း ရှာမတွေ့နိုင်ခဲ့ဘဲ ဂူအပြင်ကို ပြန်မထွက်နိုင် ဖြစ်ခဲ့ကြပါတယ်။ ထိုသို့ ဂူထဲမှာ လမ်းပျောက်ပိတ်မိနေပြီး နာရီအတန်ကြာမှာတော့ ၎င်းတို့ ရောက်ရှိနေတဲ့နေရာနဲ့ ဘေးချင်းကပ် လှိုဏ်ခေါင်းတစ်ခုကနေ အမျိုးသမီးတွေရဲ့ အကူအညီတောင်းခံတဲ့ အော်သံကိုကြားခဲ့ရတယ်လို့ ဆိုပါတယ်။

play

ထိုအသံများနောက်ကို လိုက်သွားခဲ့ပြီးနောက် လူအုပ်စုနှစ်ခု တွေ့ဆုံခဲ့ကြကာ နောက်ဆုံးမှာ လှိုဏ်ဂူအဝင်ပေါက်ကို ပြန်ရှာတွေ့ခဲ့ကြကြောင်း Intu က ပြောပါတယ်။

"အဲဒီတုန်းက အဖြစ်က အံ့သြစရာပဲဗျ၊ ဒီဂူက တားမြစ်နေရာတစ်ခုပဲ၊ ဒီ ဒေသမှာ မိဘတွေက ကလေးတွေကို တခြားဘယ်နေရာသွားသွား သွားလို့ရတယ်၊ အဲဒီဂူထဲကိုတော့ မသွားကြနဲ့လို့ အမြဲပြောလေ့ရှိတယ်" လို့ Intu က ဆိုပါတယ်။ Tham Luang Nang Non လှိုဏ်ဂူထဲကို ကလေးများ မဝင်ရောက်ကြရန် ဒေသခံ မိဘတွေက မျိုးဆက်များနဲ့ချီပြီး တားမြစ်ထားခဲ့ကြကြောင်းလည်း သိရပါတယ်။

play

Tham Luang Nang Non ဂူအတွင်း ဇွန်လ ၂၃ ရက်မှာ ဝင်ရောက်သွားခဲ့ကြပြီးနောက် ပျောက်ဆုံးနေခဲ့တဲ့ အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြားအရွယ်ရှိ ဆယ်ကျော်သက် ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ကို ယနေ့ (ဇွန်လ ၂၈ ရက်) ညနေပိုင်းအထိ ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

play

လက်ရှိမှာ ထိုင်းနိုင်ငံမှ စစ်တပ်ပါဝင်တဲ့ ရှာဖွေရေးအဖွဲ့များအပြင် အမေရိကန်တပ်ဖွဲ့နဲ့ ဗြိတိန်မှ ရေငုပ် ကျွမ်းကျင်သူတွေကလည်း လာရောက်ကူညီရှာဖွေလျက်ရှိပါတယ်။ ထိုင်းလူငယ်အုပ်စု ပျောက်ဆုံးသွားခဲ့တဲ့ Tham Luang Nang Non လှိုဏ်ဂူဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်အနီးမှာ တည်ရှိနေပြီး မြန်မာဘက်ကလည်း ရှာဖွေရေးလုပ်ငန်းမှာ ပူးပေါင်းကူညီမယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

play

လှိုဏ်ဂူရဲ့ နောက်ထပ် ထွက်ပေါက်/ဝင်ပေါက် နေရာတစ်ခုဟာ မြန်မာနိုင်ငံအတွင်း တာချီလိတ်ခရိုင်မှာ ရှိနေနိုင်ကြောင်း ယူဆမှုအရ ယနေ့ ညနေပိုင်းမှစပြီး မြန်မာဘက်မှာလည်း ရှာဖွေမှုတွေ ပြုလုပ်နေကြောင်း တာချီလိတ်သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

Tham Luang Nang Non ဂူဟာ ၆ မိုင်ရှည်လျားပြီး ဂူထဲကို ရေများဝင်ရောက်လာခဲ့ရာက ဂူအတွင်း လှိုဏ်ခေါင်းနေရာမှာ ရောက်ရှိနေခဲ့တဲ့ လူငယ်အုပ်စုဟာ ပိတ်မိနေခဲ့ကြတယ်လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ယုံကြည်ထားကြပါတယ်။

ဂူအတွင်း ထိုင်းလူငယ်အုပ်စုကို ဝင်ရောက်ရှာဖွေနေမှုဟာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများဝင်လာမှုကြောင့် နှောင့်နှေးမှုကြုံရကြောင်းလည်း သိရပါတယ်။

No comments:

Post a Comment