ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အသက် (၅၄) နှစ်အရွယ် အမျိုးသမီးအား သတ်သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၅ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိရန်ကုန်၊ ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊ (၂၆) ရပ်ကွက်တွင် အသက် (၅၄) နှစ်အရွယ် အမျိုးသမီး တစ်ဦးအား သတ်ဖြတ်ပြီး ရွှေ ၊ ငွေ ပစ္စည်းများယူဆောင်သွားသည့် Oline မှတစ်ဆင့် ခင်မင်ရင်းနှီးသူ တွန်းလှည်းဖြင့် သစ်သီးရောင်းသူကို ဖော်ထုတ်ဖမ်းဆီးမိကြောင်း ဧပြီလ ၈ ရက်နေ့ မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါသည်။
ဖြစ်စဉ်မှာ ဧပြီ ၃ ရက်နေ့နံနက် ၅ နာရီခွဲအချိန်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ တရားလို ဦးဝင်းမြင့်မှာ ၄င်း၏သားဖြစ်သူနှင့်အတူ နေပြည်တော်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် နေအိမ်အတွင်းခန်း၌ ဇနီးဖြစ်သူ ဒေါ်နှင်းကြည်မှာ ပါးစပ်ကို ပုဆိုးစနှင့်ပိတ်၍လည်ပင်းနှင့် တွဲလျက် ရစ်ပတ်ချည်နှောင်ထားကာ ပက်လက်အနေ အထားဖြင့် ဓါးဒဏ်ရာများ ရရှိသေဆုံးနေကြောင်း သိရှိရသဖြင့် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်း (ပ) ၆၉၈ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူအား အမြန်ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အထူးအမှုစစ် အဖွဲ့အား ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးခဲ့ပြီး သဲလွန်စအထောက်အထားအဖြစ် အခင်းဖြစ်နေရာရှိ ရေချိုးခန်းအုတ်ကန်အတွင်းမှ စတီး ဓားမ (၁) ချောင်း၊ နေအိမ်ဝင်း သံပန်းတံခါး ပိတ်သည့် သော့(၁) ချောင်း အပါအဝင် သဲလွန်စ သက်သေခံ အထောက်အထားများကို သိမ်းဆည်းရရှိခဲ့သည့် အပြင် တရားလို၏ သားဖြစ်သူ ပြောပြချက်အရ သေဆုံးသူ ဒေါ်နှင်းကြည်၏ နားကပ်တစ်ဖက်၊ ရွှေလက်စွပ် (၁) ကွင်း၊ ကျောက်ဖြူလက်စွပ် (၁) ကွင်း၊ Heawei လက်ကိုင်ဖုန်း (၁) လုံးနှင့် ငွေကျပ် ၃၈ သိန်းတို့ပျောက်ဆုံးနေကြောင်း သိရသည်။
အထူးအမှုစစ်အဖွဲ့မှ သေဆုံးသူ၏ နောက်ကြောင်း စုံစမ်းချက်များအရ သေဆုံးသူ ဒေါ်နှင်းကြည်မှာ Oline မှတစ်ဆင့် မြေနီကုန်းတွင် တွန်းလှည်းဖြင့် သစ်သီးရောင်းသူ သီရိမောင် ဆိုသူနှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် သီရိမောင်အား စစ်ဆေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက သီရိမောင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းခဲ့ရာ သီရိမောင်မှာ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာတွင် ကွမ်းခြံစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ဖူးကြောင်း၊ ၄င်း၏ ဇာတိမှာ မအူပင်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာဖြစ်ကြောင်း၊ မြေနီကုန်း ဝန်းကျင်၌ သစ်သီးရောင်းချသည့် အလုပ်ကို လုပ်ကိုင်ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကတ္တာရာခီးကျေးရွာရှိ ရာဘာခြံတွင် လည်း လုပ်ကိုင်ဖူးကြောင်း သတင်းကွင်းဆက်များ စဉ်ဆက်မပြတ်လိုက်လံစုံစမ်း အတည်ပြုခဲ့ပါသည်။
ကွင်းဆက်မပြတ် စုံစမ်းထောက်လှမ်းရရှိသည့် သတင်းအချက်အလက်များအရ သီရိမောင်မှာ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့သို့ ရောက်ရှိနေကြောင်းသတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်သို့ သွားရောက် ဖမ်းဆီး ခဲ့ရာ ဧပြီ ၈ ရက်နေ့ နံနက် ၀၁၀၀ အချိန်တွင် သီရိမောင်အား ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကတ္တာရာခီး ကျေးရွာရှိ ဦးဝေနှင်းမောင်၏ ရာဘာခြံ၌ တွေ့ရှိပြီး ၄င်းထံမှ ပါဆုံးပစ္စည်းများဖြစ်သည့် ငွေ ၁၃၈၈၀၀၀ ကျပ်၊ သေဆုံးသူ ဒေါ်နှင်းကြည် ဝတ်ဆင်သည့် နားကပ်တစ်ဖက်၊ ရွှေလက်စွပ် (၁) ကွင်း၊ ကျောက်ဖြူလက်စွပ် (၁) ကွင်း၊ Heawei လက်ကိုင်ဖုန်း (၁)လုံး တို့နှင့်အတူတွေ့ရှိ သိမ်းဆည်း ဖမ်းဆီးရမိခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ကျန်ရှိသည့်သက်သေခံငွေများ ရရှိရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူ သီရိမောင်အား ထိရောက်ပြစ်ဒဏ်ရရှိရေးအတွက် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
သစ်ထူးလွင်
No comments:
Post a Comment