မဟူရာရောင် မဟုတ်ပေမယ့် ပါးလွှလွှ ကတ္တရာလမ်း။ တောင်တက်၊ တောင်ဆင်းမရှိတဲ့ မြေညီလမ်း၊ ထိုလမ်းကား ၃၅ မိုင်ခန့် ရှည်လျားတဲ့ မြိုင်ကြီးငူ-မဲသဝေါသွားလမ်း။ ၀ါးတာဂိတ်ရဲ့နောက်မှာ အနီရောင် ဆိုင်းဘုတ်ကြီးတစ်ခု။ ပွင့်နေတဲ့ ၀ါးတားဂိတ်ကို ဖြတ်ကျော်လာတဲ့ကားတွေ အနီရောင်ဆိုင်းဘုတ်ကြီး အနီးအရောက် ယာဉ်တန်းတစ်ခုလုံး တုံ့ခနဲရပ်တန့်သွားတယ်။
ရှေ့ကားမှာ စီးလာတဲ့ တပ်ဖွဲ့ဝင်တွေ လက်နက်ကိုယ်စီနဲ့ ပြေးဆင်းကြ။ အားလုံးက သေနတ်ကို အဆင်သင့်ပြင်လို့။ မိမိတို့ သတင်းမီဒီယာအဖွဲ့တွေကလည်း ကင်မရာတွေ အဆင်သင့်ထုတ်လို့ ပြေးဆင်းခဲ့ကြရဲ့။
မိုင်းအန္တရာယ် သတိပေးကြေညာချက် ဆိုင်းဘုတ်ကြီး။ အရင်က အသုံးပြုခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ဆိုပဲ။ ဒါဆို မနေ့တစ်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရဲ့နောက်ချန်မိုင်းတွေ ဘယ်လောက်များ ရှိလေမလဲ။ ဘယ်လောက် များပြားနေမလဲ။
အတွေးချဲ့မိရဲ့။
“ဒါအရင်က DKBA (ခွဲထွက်) တွေ ဂိတ်ကြေးကောက်ခဲ့တဲ့ နေရာ။ မြိုင်ကြီးငူက မဲသဝေါကို သွားသွား။ မြန်မာပြည်အနှံ့က အပျော်ခရီးထွက်လာတဲ့သူတွေ ကျုံထော်ရေတံခွန်ကိုပဲ သွားသွား။ ဒီဂိတ်မှာပေးပြီးမှ သွားလို့ရတာ”ဟု ယာဉ်ပေါ် အတူလိုက်ပါလာတဲ့ မြ၀တီမြို့သတင်းမီဒီယာ အဖွဲ့သားတစ်ဦးက တိုးတိုးလေးပြောပါတယ်။
ဂိတ်အတွင်းမှာတော့ မြ၀တီ၊ မော်လမြိုင် နဲ့  တွံတေးက ပရဟိတ ညီအစ်ကိုတွေ။ သူတို့တွေ ဘာလုပ်နေကြတာလဲ။ ဘာအတွက် စောင့်ဆိုင်းနေကြတာလဲလို့ စိုးထိတ်စွာ မေးကြည့်မိတယ်။
“စစ်ရှောင်ပြည်သူတွေ ဂူတွေထဲမှာ ခိုလှုံနေကြသေးတယ်။ ပစ်ခတ်မှုတွေကြား ပိတ်မိနေတာ ထွက်မလာနိုင်သေးဘူးလို့ သိရတော့ သူတို့တွေအတွက် စိတ်ပူနေမိတယ်။မနေ့ကတော့ ကားနှစ်စီးနဲ့ ကျုံထော်ချောင်းစပ်မှာ သွားကြိုခဲ့ကြတယ်။ ဒီနေ့တော့ လုံခြုံ ရေးအခြေအနေအရ သွားခွင့်မပြုသေးပါဘူး”ဟု မြ၀တီစေတနာလူမှုကယ်ဆယ်ရေး အသင်းသားတစ်ဦးက ပြောပါတယ်။
မြေမြှုပ်မိုင်းအန္တရာယ်ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကြီးနောက်မှာ မြက်ပင်၊ ချုံနွယ်ကြားက ဆိုင်းဘုတ်လေး တစ်ခု။ လူခေါင်းရုပ်နဲ့ အန္တရာယ် သတိပေးချက်က စိတ်ချောက်ချားစရာ ကောင်းလွန်းပါတယ်။
ဒီနေရာက ယာဉ်တန်းတွေ စထွက်တော့ လမ်းဘေး ၀ဲ၊ ယာ တစ်လျှောက်မှာ တပ်မတော်သားတွေ၊ နယ်ခြားစောင့်တပ် ရဲဘော်တွေ လုံခြုံရေးယူထားကြပေမယ့် ဘယ်အချိန် ဘာဖြစ်လာမလဲ အားလုံးရဲ့ရင်ထဲမှာ စိုးတထင့်ထင့်နဲ့ပေါ့။
အရှေ့ကားပေါ်မှာ ပါလာတဲ့ စားသောက်ဖွယ်ရာတွေကို လမ်းလုံခြုံရေးတပ်စခန်းနေရာ ရောက်တိုင်း ကမ်းပေးနေတာ တွေ့ရတယ်။ တချို့ရဲဘော်တွေ လမ်းမပေါ်မှာ နေပူပူ၊ မိုးရွာရွာ အသင့်အနေအထား။
လမ်းဘေးလျှိုတွေထဲမှာ၊ တောင်ကုန်းတွေပေါ်မှာ တံခါးပိတ်ထားတဲ့ နေအိမ်တွေ။ လူမနေတဲ့ အိမ်ကလေးတွေက ယမ်းငွေ့တွေကြားမှာ မှုန်ရီဝိုးတ၀ါး။ အရင်ကလို ဆူဆူညံညံ ကလေးငိုသံတွေလည်း မကြားရတော့ဘူး။ ပျော်ရွှင်မြူးတူး ကစားနေတဲ့ အသံတွေ။ လူကြီးလူငယ် ကူးလူးသွားလာနေတဲ့ တောဓလေ့ ပျော်ရွှင်စရာမြင်ကွင်းတွေလည်း မတွေ့ရတော့ပေ။ လူမနေတဲ့ အိမ်ကလေးတွေ အထီးကျန်ရုံသာမက သုသာန်တစပြင်လို ငြိမ်ဆိတ်နေပါတယ်။
ဒီလိုပဲ တောင်ကုန်းတွေ၊ တောင်ကြားတွေ၊ လယ်ကွင်းပြင်ကျယ်တွေနားမှာ ရွာလေးတွေ တည်ရှိနေတာပါ။ ရွာပေါင်း ၂၀ ကျော်က ပြည်သူတွေရဲ့ဘ၀တွေဟာ သေနတ်ကျည်ဆန်တွေကြားက ယမ်းငွေ့တွေနဲ့အတူ လွင့်မျောခဲ့ရပြန်တယ်။
ဆရာတော်ဘုရားရဲ့ မေတ္တာရင်ငွေ့ ဖွဲ့တည်ရာ မြိုင်ကြီးငူ အထူးဒေသမှာ ရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ဦးရဲ့ပြောစကားက နားစဉ်ကို ပဲ့တင်ရိုက်ခတ်လို့ လာပြန်ပါတယ်။
“ကျွန်တော့်အိမ်မှာ နွားခုနစ်ကောင် ကျန်ခဲ့တယ်။ လယ်ထဲက စပါးပင်တွေလည်း အဖူးထွက်တော့မယ်။ အခုဆိုရင် နွားနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရှိနိုင်သေးရဲ့လား။ နွားတွေကို တပ်ကပဲ စားလိုက်ပြီလား။ BGF ကပဲ သတ်စားလိုက်ပြီလား။
ရွာကိုတော့ ပြန်မသွားရဲဘူးလေ။ မိုင်းတွေက နေရာတိုင်းမှာ ရှိနေတာ။ လူ့အသက်၊ ကိုယ်လက်အင်္ဂါက ကျွဲ၊ နွားတွေထက် တန်ဖိုးကြီးပါတယ်ဗျာ”ဟု ဆိုတယ်။ ကားလမ်းဘေး ကိုက် ၃၀၀ ခန့်အကွာ တောင်ကုန်းတစ်ခုရဲ့ ခြေရင်းကို ရောက်တော့ ကားတွေအကုန်လုံး ရပ်လိုက်ကြတယ်။
ဒါ DKBA တွေ ခြေကုပ်ယူထားခဲ့တဲ့ နောက်ဆုံးခံတပ်။ ရိက္ခာကုန်းစခန်းပေါ့။ ကျွန်တော်တို့ ဒီကုန်းမှာ ပြန်အိပ်ကြမှာလေ”ဟု အနားကိုရောက်လာတဲ့ နယ်ခြားစောင့်တပ်အဖွဲ့ဝင် တစ်ယောက်က ပြောပြီး မကြာခင်မှာပဲ ကားတွေ ခရီးဆက်ထွက်လာခဲ့ကြပါတယ်။
သြော်..တပ်မတော်၊ BGF တပ်တွေ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတဲ့ ရိက္ခာကုန်း။ သုံးရက်ကြာ တိုက်ယူရပြီး တပ်မတော်သားနှစ်ဦး အသက်စတေးပေးခဲ့ရသလို ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ ရိက္ခာကုန်းဆိုတာ ဒါကိုး။ ဘုရားနဲ့ သိမ်တော်တစ်ခု တောင်ထွတ်ပေါ်မှာ ထည်ထည်ဝါ၀ါ တင့်တင့်တည်တည် ရှိနေတဲ့ ဘုရားကုန်း။ ဘယ့်နဲ့ စစ်မြေပြင်ဖြစ်ခဲ့ရသလဲလို့ စိတ်မချမ်းမြေ့စွာ တွေးနေမိတယ်။
ယာဉ်တန်းက သောင်ရင်းကမ်းစပ်ရှိ မဲသဝေါကျေးရွာကို ဆက်ထွက်လာခဲ့တယ်။ မြစ်သောင်ရင်းရဲ့ အနားသတ်စည်းပေါ်က မဲသဝေါရွာကို ရောက်တော့ အိမ်တွေပေါ်မှာ တစ်ယောက်စ နှစ်ယောက်စ ရှိနေတာကလွဲလို့ အိမ်အများစုကတော့ တံခါးပိတ်ထားတယ်။
သောင်ရင်းမြစ်ရဲ့နှုတ်ခမ်းစပ်မှာ တည်ရှိနေတဲ့ ထုံးဖြူဖြူစေတီလေးတွေက မြန်မာနိုင်ငံရဲ့ သင်္ကေတပြယုဂ်အဖြစ် တည်ရှိနေပါတယ်။ သောင်ရင်းတစ်ဖက်မှာတော့ ထိုင်းနိုင်ငံ မဲသဝေါရွာလေး။ ရေစုန်ကို ဆန်တက်ရောက်ရှိလာတဲ့ စက်လှေတစ်စင်းပေါ်မှာတော့ နေရပ်ပြန်လာနေတဲ့ စစ်ရှောင်ဒုက္ခသည်အချို့ကို တွေ့ရတယ်။ သို့ပေမဲ့ နေရပ်မပြန်နိုင်သူ ထောင်နဲ့ချီရှိတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် မဲသဝေါဒေသမှာ စစ်မက်တွေ ဖြစ်ပွားလာတော့မယ်ဆိုတဲ့ အသိနဲ့ စက်တင်ဘာ ၉ ရက်မတိုင်ခင် မြိုင်ကြီးငူဆရာတော်ရဲ့အစီအစဉ်နဲ့ ရွာသူရွာသား ၂၀၀၀ နီးပါးကို မြိုင်ကြီးငူကို ရွှေ့ပြောင်းစေခဲ့တယ်။
“အမိုးတို့ မိသားစုတွေက မြိုင်ကြီးငူဘက်ကို ပါမသွားကြဘူး။ ဆရာတော် လာခေါ်ပြီးတဲ့နောက်နေ့ တိုက်ပွဲတွေဖြစ်ကြတာပါပဲ။ လမ်းမှာ တိုက်ပွဲတွေဖြစ်နေတော့ မြိုင်ကြီးငူ ရှောင်ပြေးဖို့ ခက်ခဲသွားတဲ့အတွက် အမိုးတို့ မသွားကြတော့ဘူး။ ထိုင်းဘက်ကိုပဲ ပြေးရတော့တယ်။ တိုက်ပွဲဖြစ်တယ်ဆိုတာ ပန်းနဲ့ ပေါက်တာမှ မဟုတ်တာ။ အသက်ချမ်းသာရာရဖို့အရေး အိုးအိမ်ဥစ္စာတွေ ပစ်ပြီး ကစဥ့်ကလျားပြေးရတာလေ။ ထိုင်းဘက်ကိုပြေးတဲ့သူတွေ ပြန်လာနေကြပြီဆိုပေမယ့် မြိုင်ကြီးငူဘက် ရှောင်တဲ့သူတွေ ပြန်လာလို့ မရသေးဘူး”လို့ ဆိုပါတယ်။
သောင်ရင်းကမ်းစပ်ကျေးရွာတွေရဲ့ နေအိမ်တွေမှာ လူတစ်ယောက်စ နှစ်ယောက်စ ရှိပေမယ့် ငြိမ်ငြိမ်ဆိတ်ဆိတ်နဲ့ အဖော်မဲ့နေပါတယ်။ ကျပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ၊ မိုင်းတွေရဲ့အန္တရာယ်ကို စိုးကြောက်ပြီး လယ်ထဲ ယာထဲ သွားရောက်လုပ်ကိုင် စားသောက်ဖို့လည်း မ၀ံ့ရဲကြပေ။
ဒေသခံပြည်သူတွေရဲ့ မိမိအသက်ထက် ဘာမှအရေးမကြီးဆိုတဲ့ အသိတွေကြောင့် ကျည်လွတ်ရာ ကိုယ်လွတ်ပြေးခဲ့ရပါတယ်။ အခုလည်း စစ်ရှောင်စခန်းမှာ ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အိမ်လွမ်းရိပ်တွေဟာ ယမ်းငွေ့တွေကို မလွှမ်းခြုံနိုင်သေး။ သူတို့တွေရဲ့ ရွာကို လွမ်းတဲ့စိတ်၊ အိမ်ကို လွမ်းတဲ့စိတ်တွေက နှလုံးသားငိုရှိုက်သံတွေအဖြစ် ထပ်ကာထပ်ကာ ဖြစ်ပေါ်နေဆဲ။
တောဓလေ့ ရွာဓလေ့အဖြစ်နဲ့ ညီအစ်ကို ရင်းပမာနေလာကြတဲ့ ချစ်ကြည်ငြိမ်းချမ်းတဲ့ မိသားစုတွေဟာ နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ၊ ကျည်ဆန်တွေကြားမှာ ယမ်းငွေ့မပြယ်သေးသရွေ့ မြေစာပင်ပြည်သူတွေ ရဲ့ နှလုံးသားငိုရှိုက်သံတွေဟာ သာ၍ သာ၍ ကျယ်လောင်နေဦးမှာ ဖြစ်ပါတော့တယ်။
Writer:
ကိုရွှေသိန်း (မြ၀တီ)
No comments:
Post a Comment