၂၉၊စက်တင်ဘာ၊ရန်ကုန်။
အပစ်အခတ်ရပ်စဲပြီးနောက်မှာ မူရင်းဒေသကိုပြန်လည်ဝင်ရောက်နေထိုင်တဲ့တနသာင်္ရီတိုင်း ရှိ ရွာသားတွေကို ဆီအုန်းကုမ္မဏီက ပိုင်နက်ကျုးကျော်မှုနဲ့တရားစွဲဆိုထားတယ်လို့သိရပါတယ်။
ဆီအုန်းစီမံကိန်းပိုင်မြေကို ကျူးကျော်မှုနဲ့ ရွာသားလေးဦးကို တရားစွဲဆိုထားတာမရပ်ဆိုင်းပေးပါက ပြန်လည်တရားစွဲဆိုသွားမယ်လို့ တနသာင်္ရီမိတ်ဆွေများအဖွဲ့မှ တာဝန်ခံ ဒေါ်နော်ပီသလော ကဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
စစ်ပွဲဒဏ်ကြောင့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ တနသာင်္ရီတိုင်းရေဖြူမြို့နယ်၊ကျေးဇူးတော်ကျေးရွာ သားတွေဟာ အပစ်အခတ်ရပ်စဲပြီးနောက်မှာ မူရင်းဒေသကိုပြန်လည်နေထိုင်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီနေရာကို ရွှေပဒုမ္မာကုမ္မဏီကပိုင်ဆိုင်တယ်လို့ဆိုကာ ပိုင်နက် ကျုးကျော်မှု ဥပဒေပုဒ်မ (၄၄၆) နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
“ကျွန်တော်တို့ကတော့ ကိုယ့်မွေးရပ်မြေမှာပဲ ပြန်နေချင်တာပါ လျော်ကြေးလဲ မလိုချင်ပါဘူး“ လို့ တရားစွဲဆိုခံရတဲ့ ကျေးဇူးတော်ရွာသားဖြစ်သူ ဦးစောရိုးလောင်က ပြောပါတယ်။
ကုမ္မဏီကတရားစွဲဆိုထားတဲ့ အပြင် ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ၊ကွမ်းခြံတွေ လည်း ဖျက်ဆီးခံထားရတယ်လို့ရွာသားတွေကပြောပါတယ်။
ရွှေပဒုမ္မာကုမ္မဏီကို အာဏ္ဍာရှင်များလက်ထက်က ခွင့်ပြုခဲ့တာဖြစ်ပြီး ဘယ်လို သဘောတူညီချက်တွေနဲ့ခွင့်ပြုထားတယ်ဆိုတာကို ဒေသခံတွေက မသိရှိကြပါဘူး။ ကျေးဇူးတော်ရွာပိုင်နက်အပြင် အဲဒီဒေသမှာရွှေပဒုမ္မာကုမ္မဏီဟာဆီအုန်း ၆၁၁ဧက ကိုပိုင်ဆိုင်ထားပါတယ်။ အောက်တိုဘာ ( ၃ ) ရက်နေ့မှာ တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ရုံးချိန်းရှိတယ်လို့သိရပါတယ်။
တပ်မတော်နဲ့ကရင်အမျိုးသားအစည်းအရုံး (KNU) ကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ရသူတွေဟာ ဦးသိန်းစိန် အစိုးရလက်ထက် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း မှာကရင်တိုင်းရေးရာဝန်ကြီး ဦးစောဟာဗီရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် အိုးအိမ်ဆုံးရူံးခဲ့ ဒုက္ခသည်စခန်းတွေမှာနေထိုင်ခဲ့ရတဲ့ ပြည်သူတွေဟာ နေရပ်ကိုပြန်လာချိန်မှာလည်း တရားထပ်မံစွဲဆိုခံရတာကြောင့်တရားစွဲဆိုထားတာကို ရပ်ဆိုင်းစေချင်တယ်လို့ပြောပါတယ်။
“ဥပဒေအရဆိုရင်တော့သူတို့ဘက်က တရားစွဲဆိုခွင့် ရှိပါတယ် ဒါပေမယ့် ကုလသမဂ္ဂ
ဒေသခံတိုင်းရင်းသားများ အခွင့်ရေးဆိုင်ရာ ကြေညာစာတမ်းမှာ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင် ခဲ့တဲ့ နယ်မြေ သယံဇာတများနဲ့ ပတ်သတ်ပြီး အခွင့်အရေးရှိတယ်“ လို့ မြိတ်ရှေ့နေများ ကွန်ယက်မှ ရှေ့နေ ဦးစဧရာဝင်းက ပြောပါတယ်။
ကျေးဇူးရွာသားတွေဟာ တရားစွဲဆိုခံထားရတာနဲ့ပတ်သတ်ပြီး တနသာင်္ရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို လည်းတောင်းဆိုသွားဖို့ ရှိတယ်လို့သိရပါတယ်။
Author ၀င်းနန္ဒာ
1.26k
Related Posts
မန္တလေးတိုင်း စီးပွားရေးမြှင့်တင်ဖို့ နွေစပါးစိုက်ပျိုးမှု တိုးတက်ဖို့လို
စည်းကမ်းလိုက်နာမှုပညာပေးကာ တွန်းပြပွဲ ကျုံးပတ်လည်မှာ ပြုလုပ်မည်
ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ရင် ပြန်ဆပ်ရမယ့် ကာလကို ၁၅ နှစ်အထိ တိုးဖို့ စီစဉ်
လျှပ်စစ်လိုအပ်ချက် ဒေါ်လာ တစ်သန်း ပြင်သစ်က ကူညီမည်
ကြော်ငြာ-၃
Information
© 2016 Kumudra Journal (Myanmar). All rights reserved.
No comments:
Post a Comment