Saturday, October 15, 2016

အောင်စိုးမိုးကျော် အမြန်ရေယာဉ် တိမ်းမှောက်မှုတွင် ခရီးသည် ၁၅၄ဦးအသက်ရှင် ပြန်တွေ့ပြီး ပျောက်ဆုံး လူဦးရေစာရင်း မထုတ်ပြန်နိုင်သေး

ဟုမ္မလင်းမြို့မှ ထွက်ခွာလာသည့် အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် ခရီးသည်တင် အမြန်ရေယာဉ်သည် ယနေ့ (အောက်တိုဘာလ ၁၅ ရက်) နံနက် (၅) နာရီ အချိန်ခန့်က ယင်းမာပင်ခရိုင် ကနီမြို့နယ်မိချောင်းတွင်း ရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့ရာ ရေယာဉ်ပေါ် ပါလာသည့် ခရီးသည်များအနက် (၁၅၄) ဦးသာ ကယ်ဆယ်ရေး စခန်းနှင့် ကင်းကျေးရွာ တိုက်နယ်သို့ ရောက်ရှိခဲ့ကာ သေဆုံးသူ (၄) ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီး ပျောက်ဆုံးနေသည့် ကျန်ခရီးသည် အရေအတွက်စာရင်းအား မထုတ်ပြန်နိုင်သေးကြောင်း ဆက်လက် သတင်းရရှိသည်။
      
အဆိုပါအမြန်ရေယာဉ် တိမ်းမှောက်မှုတွင် ကျန်းမာရေးဌာနမှ ၀န်ထမ်းများ၊ ပညာဌာနမှ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေး တက္ကသိုလ်များသို့ အဝေးသင် တက်ရောက်ရန် လိုက်ပါသည့် ကျောင်းသား ကျောင်သူများ အများဆုံး ပါဝင်နေကြောင်းလည်း သိရသည်။

အောင်စိုးမိုးကျော် အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဦးအောင်ကျော်ဦးက “အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ ဟုမ္မလင်းမြို့ကနေ ထွက်ခွာလာတာပါ။ အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်လိုင်းက အောင်စိုးမိုးကျော်ဆိုတဲ့ အမြန်ရေယာဉ်ပါ။ ကျောင်းပိတ်ရက်လည်း ဖြစ်တယ်။ သီတင်းကျွတ်ကာလလည်း ဖြစ်တော့ လူတွေကို အဆမတန် တင်လာတယ်။ ကျွန်တော်ကိုယ်တိုင် က ပြောတယ်။ ခင်ဗျားတို့ လူတွေကလည်း အရမ်းများနေပြီ။ လျှော့တင်ပါ။ လုံးဝပြောမရဘူး။ ဟုမ္မလင်းကနေ စုန်လာပြီ။ ဖောင်းပြင်မြို့ကို ရောက်တဲ့အခါ လူတွေ အဆမတန် တက်လာတယ်။ ရေယာဉ်က တာဝန်ရှိတဲ့သူတွေ ရေယာဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဆီကို သွားပြောတယ်။ ဒါတွေကို ပြောပေးပါအုံး။ သူတို့လည်း မတတ်နိုင်ဘူး သူတို့ဘာသာတင်တာလို့ ပြောတယ်။ ပြည်သူတွေ အသက်သေကုန်တော့မယ်လို့လည်း ပြောခဲ့တယ်။ဒါနဲ့ ကျွန်တော်လည်း ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော် အသုံးပြုနေတဲ့ Aung Lay ဆိုတဲ့ ဖေ့ဘွတ်အကောင့်နဲ့ တင်ခဲ့တယ်။ ည(၈)နာရီလောကမှာ မိတ်ဆွေတွေက ဖုန်း ဆက်မေးတယ်။ အခြေအနေက ဘုရားတပြီး လိုက်နေရတယ်လို့ ပြောခဲ့သေးတယ်။ မနက် ၄ နာရီခွဲကျော်ကျော် (၅)နာရီလောက်မှာ အခုလိုမှောက်ပြီး နစ်မြုပ်သွားတော့တာပါဘဲ။”ဟုပြောသည်။
          
အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရိးသည်ဦးရေအနေနဲ့ ခန့်မှန်းချေ (၂၅၀) အထက်တွင် ရှိနိုင်ပြီး ဆိုင်ကယ်(၁၈) စီး ပါကြောင်း ဆရာဝန်တွေ ကျောင်းဆရာ ဆရာမတွေ ကျောင်သား ကျောင်းသူ အတော်များများနှင့် ၀န်ထမ်းများ ပါရှိကြောင်းလည်း ဦးအောင်ကျော်ဦးက ဆက်လက်ပြောကြားခဲ့သည်။  
       
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက “အခု အမြန်ရေယာဉ် နစ်မြုပ်သွားတာက လုံးဝမပေါ်တော့ ဖောင်ဖွဲ့ရေးလုပ်ငန်းက ကရိန်းနဲ့ မတင်ရမယ်။ ဒါမှသာအထဲမှာ ပိတ်မိနေတဲ့ သူတွေ စာရင်းကို အတိအကျ ပြောနိုင် ထုတ်ပြန်နိုင်မယ်။အခု ဖောင်ဖွဲ့ရေးဌာနက ကရိန်းတစ်စီးနဲ့ မတင်ဖို့ ဆောင်ရွက်နေပါပြီ” ဟု ပြောသည်။

အမြန်ရေယာဉ် တိမ်းမှောက်ခဲ့သည့် နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ မီးသတ်တပ်ဖွဲ့ဝင်များ လာရောက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။                                 

Writer: 

စိုးမိုးထွန်း(မုံရွာ)

No comments:

Post a Comment