မင်္ဂလာဒုံ မြို့နယ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်
မင်္ဂလာဒုံမြို့နယ်တွင် ကျပ် ၈၆ ဘီလျံကျော် တန်ဖိုး (ကျပ်သိန်းပေါင်း ၈၆၀,၀၀၀) ရှိ မူးယစ်ဆေးဝါးများ ဒီဇင်ဘာ ၁၁ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ မေတ္တာလမ်းသွယ် ၃ လမ်းရှိ နေအိမ် တစ်အိမ်သို့ ရဲတပ်ဖွဲ့က သတင်းအရ ၀င်ရောက် စုံစမ်းရှာဖွေခဲ့ရာ ယင်းအိမ်အတွင်း WY စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၆၆,၄၀၀ နှင့် ဘိန်းဖြူ ၆၈၅ ဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး၏ တန်ဖိုးငွေမှာ ကာလပေါက်ဈေးအားဖြင့် ကျပ်သိန်းပေါင်း ၈၆၀,၀၀၀ ( ကျပ်ငွေ ၈၆ ဘီလျံကျော်အထိ) ရှိနေပြီး မူးယစ်ဆေးဝါး စံချိန်တင် ဖမ်းဆီးရမိမှုထဲတွင် တစ်ခုအပါအ၀င် ဖြစ်နေကြောင်း သိရသည်။
“သတင်းအရ ၀င်ရောက် ရှာဖွေတာ။ အဲဒီအိမ်မှာရှိတဲ့ အမျိုးသားတစ်ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်။ အိမ်ကို ၀င်စစ်တော့ မူးယစ်ဆေးဝါးတွေ တွေ့ရှိရတာပဲ”ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါး ကျပ် ၈၆ ဘီလျံကျော် ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့ ဆက်သွယ်သော်လည်း သတင်းအတိအကျ ထုတ်ပြန်ပေးခြင်း မရှိသေးဘဲ ကနဦးသတင်းအရ စုံစမ်းသိရခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ကားတစ်စီးအပြည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုးအားဖြင့် ကျပ် ၁၃၃ ဒသမ ၅ ဘီလျံ တန်ဖိုးရှိ စံချိန်တင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
Writer:
သက်မင်း၊ မင်းသိန်းနိုင်
No comments:
Post a Comment