အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၄) မိုင်အနီးတွင် လူ ရှစ်ဦး မီးလောင်သေဆုံးခဲ့ရသော Hi Ace အမျိုးအစားယာဉ်အား အခင်းဖြစ်နေရာအနီး၌ တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၄) မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မီးလောင်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်မှ အသက်ရှင်လွတ်မြောက်ခဲ့သူမှာ အဆိုပါ ယာဉ်ကိုမောင်းနှင်ခဲ့သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပုဒ်မသုံးခုဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ဇန်န၀ါရီ ၂၃ ရက်တွင် အမှတ် (၃) အမြန်လမ်းမကြီး ရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်မောင်းဟု ထွက်ဆိုခဲ့သည့် ကိုအောင်ခန့်၏ ကနဦးထွက်ဆိုချက်မှာ ယာဉ်မောင်း၏ ဘေးမှ ထိုင်လိုက်သူဖြစ်ကြောင်း ကနဦး ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်။ ခေါ်စစ်ပြီး သူက ကိုယ်တိုင်မောင်းလာတာလို့ ထွက်ဆိုတယ်။ လောလောဆယ်မှာတော့ အများရှေ့မှာသူက ကြောက်လန့်တာက တစ်ပိုင်း၊ ၀ိုင်းအရိုက်ခံရမှာက တစ်ပိုင်းမို့ ခံဝန်ချက်မပေးခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့က ပြန်ပြီးတော့ ကြိုးရှည်ရှည်နဲ့ ပြန်ဖမ်းရတယ်။ ပြီးမှ သက်သေ အထောက်အထားတွေ ရှာရတယ်။ သေချာလို့ ပြန်ပြီးစစ်လိုက်တဲ့အခါမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီဖြစ်စဉ်က ဘီးပေါက်ပြီး သံစတီးရန်းအား ၀င်တိုက်ပြီး ဖြစ်တာပါ။ ဖြစ်စဉ်ကို ပုဒ်မ ၃၀၄ (က)/၃၃၇/၂၈၅ နဲ့ အမှုဖွင့်ပြီး ကိုအောင်ခန့်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်” ဟု အမှတ် (၃) အမြန်လမ်းမကြီးရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မီးလောင်တဲ့ကားထဲမှာ အမျိုးသမီး ခုနစ်ယောက်၊ အမျိုးသားနှစ်ယောက်ပါတယ်။ အဲဒီထဲက အမျိုးသမီးခုနစ်ယောက်နဲ့ ဦးဝင်းထွန်း (စီအီးအို) လည်း သေဆုံးသွားတယ်။ သေဆုံးတဲ့အထဲမှာ ကျွန်တော့်အမျိုးသမီးလည်း ပါတဲ့အတွက် အဲဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်လိုက်စုံစမ်းမယ်။ ကျွန်တော့်အမျိုးသမီးနဲ့ မနက် ၇ နာရီ ၅၂ မိနစ်မှာ နောက်ဆုံး ဖုန်းပြောဖြစ်တယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအားလုံး စိတ်ကျေနပ်စေနိုင်မယ့် အဖြေတစ်ခု ထွက်လာတဲ့အထိ သက်ဆိုင်ရာက စစ်ဆေးမှုတွေ လုပ်စေချင်တယ်။ ကားက ဘာလို့ မီးလောင်တာလဲ။ ဆီတိုင်ကီကွဲတယ်ဆိုရင် အောက်ကနေလောင်ရမှာ။ ဒါ အဓိပ္ပာယ်လုံးဝမရှိဘူး။ ဒါဟာ ရှို့မီးဖြစ်လိမ့်မယ်။ ပြီးတော့ အဲဒီကားမှာ သေဆုံးသူတွေရဲ့ ဒီအန်အေတွေ ကျန်ခဲ့ဦးမယ်။ အဲဒီကားကို သေချာစစ်ဆေးစေ ချင်တယ်။ ကျွန်တော့်အမျိုးသမီး အပါအ၀င် အမျိုးသမီးခုနစ်ဦးက ဘာဖြစ်လို့ အဲဒီတစ်နေရာတည်းမှာ ငြိမ်နေတာလဲ။ ဘာလို့ လှုပ်ရှားမှု မရှိတာလဲ။ ဆေးမိထားတာလား။ အဲဒါကို ကျွန်တော် အမြန်လမ်းကိုသွားပြီး စီစီတီဗွီ တွေကို သွားစစ်ပါမယ်။ ကားထဲကနေပြီးတော့ မီးကတောက်တဲ့အတွက် လွတ်တဲ့သူက ဘာ ဒဏ်ရာမှ မရဘဲနဲ့ လွတ်မြောက်တယ်ဆိုတာ အဓိပ္ပာယ်လုံးဝ မရှိပါဘူး။ ပြီးတော့ သေဆုံးသွားတဲ့ အလောင်းတွေကို ကျွန်တော်တို့ သွားကြည့်တော့ ဘယ်သူဘယ်ဝါဆိုပြီး နံပါတ်စဉ်တွေနဲ့ ခွဲထားတယ်။ သူတို့ ဘယ်လိုခွဲတာလဲ။ အလောင်းတွေက ပုံ အရမ်းပျက်နေတာလေ” ဟု သေဆုံးသူ အမျိုးသမီးတစ်ဦး၏ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုဦးက ဇန်န၀ါရီ ၂၃ ရက် ညနေပိုင်းပြောကြားသည်။
ကိုအောင်ကိုဦးက “အောင်ခန့် လွတ်မြောက်သွားတဲ့အပေါ်မှာ မနာလိုဝန်တိုစိတ် ဖြစ်နေတာ မဟုတ်ပါဘူး။ အသက်ရှင်လို့ မကျေမနပ် ဖြစ်နေတာလည်း မဟုတ်ဘူး။ သူ့မှာလည်း အသက်ရှင်လွတ်မြောက်ခွင့် ရှိတယ်။ ဒါပေမဲ့ ဖြစ်စဉ်က သမားရိုးကျမဟုတ်လို့ ပြန်လည်စိစစ်ဖို့ကို ကျွန်တော်တို့က ပြောနေတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ပြန်လည် စိစစ်နေပါတယ်။ ဖြစ်စဉ်ကို မယုံနိုင်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့က သေဆုံးသွားတဲ့လူတွေရဲ့ ကာယကံရှင်တွေပါ။ သူက အသက်ရှင်ကျန်ရစ်နေတဲ့ တစ်ဦးတည်းသော လူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ဇနီးမယားနဲ့ ကွယ်လွန်သွားတဲ့ ညီမလေးတွေရဲ့ မိဘတွေဆိုရင် ဘယ်လို များဖြစ်နေမလဲ။ ပြီးတော့ ကားတစ်စီးလုံး အတွင်းပိုင်း မီးလောင်တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ သံသယ ၀င်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့မှာ စစ်ဆေးပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့အဓိက သံသယ ၀င်တာက ကားသည် အထဲကနေ မီးလောင်ကျွမ်းပြီးတော့မှ ကားတစ်စီးလုံး ပြာကျသွားတာ။ လောင်ကျွမ်းချိန်က အင်မတန်မှမြန်ပါတယ်။ ကားတစ်စီးကို မီးရှို့တာ အဲဒီလောက်မြန်သလား။ အဲဒီလောက် မြန်တယ်လို့ သက်သေ ခိုင်လုံလို့ရှိရင် ကျွန်တော် လက်ခံပေးလို့ရပါတယ်။ တိုက်ထားတဲ့ နေရာအနေအထားကို ကျွန်တော်သွားကြည့်ပြီးပြီ၊ လေ့လာပြီးသွားပြီ။ ဖြစ်စဉ်ကို ကျွန်တော့် အသက်အရွယ်၊ ကျွန်တော့် အတွေ့အကြုံအရ သုံးသပ်ကြည့်တော့ ဒါကြီးဟာ မရိုးသားမှုတွေ ရှိနေတယ်လို့ စိတ်ထဲမှာ ထင်ပါတယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်အပါအ၀င် အခြား သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ကျေနပ်လောက်မယ့် အဖြေတစ်ခု ပေးနိုင်တဲ့အထိစစ် ဆေးပေးစေချင်ပါတယ်” ဟုပြောကြားသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၁ ရက်နံနက် ၈ နာရီခွဲခန့်က ပုဂံ-ညောင်ဦးမှ ဘုရားဖူးပြီးပြန် လာသည့် Toyota Hi Ace အမျိုးအစားယာဉ်တစ်စီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ အမှတ် (၃) အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၄) မိုင်အနီးအရောက်တွင် ယာဉ်၏ ညာဘက်ဘီးပေါက်ပြီး လမ်းလယ်ကျွန်းရှိ Guard Rail အား တိုက်မိရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယင်းသို့ မီးလောင်ကျွမ်းခဲ့သည့်အတွက် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားနှစ်ဦး အမျိုးသမီးခုနစ်ဦးအနက် အမျိုးသားတစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကျန်ရှစ်ဦးမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။
Writer:
အောင်မျိုးသန့်၊ သန့်ဇင်ကျော်
No comments:
Post a Comment