Thursday, February 15, 2018

ပုသိမ်မြို့နယ်တွင် မြေကွက်ကိစ္စနှင့်ပတ်သက်၍ စကားများရာမှ ကြမ်းတမ်းသည့်စကားများကြောင့် ဖခင်ဖြစ်သူက သမီးကို ငရုပ်ကျည်ပွေ့ဖြင့် ခေါင်းကိုရိုက်၊ ဓားဖြင့်ထိုး၊ ရဲဒင်းဖြင့်ခုတ်သတ်မှု ဖြစ်ပွား

Posted: February 16, 2018

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် မြေကွက်ဝယ်ယူမည့် ကိစ္စနှင့်ပတ်သက်၍ စကားများရာမှ ဖခင်ဖြစ်သူက သမီးကို ငရုပ်ကျည်ပွေ့ဖြင့် ခေါင်းကိုရိုက်ကာ ဓားဖြင့်ထိုး၊ ရဲဒင်းဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရေသိုးကုန်းကျေးရွာနေ ဦးသန်းရှိန်(၆၅)နှစ်သည် လယ်ထဲမှနေအိမ်သို့ပြန်လာပြီး နေအိမ်နောက်ဖေးတွင် ခြေထောက်ဆေးနေစဉ် နေအိမ်အတွင်းမှ အသံကြားသဖြင့် သမီးဖြစ်သူ မနီလာခိုင်(၃၇)နှစ်အား ခေါ်ကြည့်ရာ ပြန်မထူးသောကြောင့် နေအိမ်ရှေ့မှ ပတ်သွားကြည့်ခဲ့ကြောင်း၊ အိမ်ရှေ့တွင်သမီးဖြစ်သူ၏ ဆိုင်ကယ်အား ရပ်ထားသည်ကိုတွေ့ရကာ နေအိမ်တံခါးမှာလည်း ဖွင့်ထား သဖြင့် နေအိမ်အတွင်းသို့ဝင်၍ သမီးဖြစ်သူအား ထပ်မံခေါ်ကြည့်ရာ အသံမကြားရသောကြောင့် နေအိမ်နောက်ဖေးသို့ ဝင်ရောက်ကြည့်ရာ “အိမ်သာထဲမှ အိမ်သာတက်နေတယ်” ဟု ပြောသဖြင့် ဦးသန်းရှိန် သည် နေအိမ်ရှေ့သို့ ပြန်သွားခဲ့ကြောင်း၊ ခဏအကြာ သမီးဖြစ်သူ ပြန်ထွက်လာသည်ကို မတွေ့သဖြင့် သွားကြည့်ရာ အိမ်သာတံခါးမှာပွင့်နေပြီး အိမ်သာအတွင်း သမီးဖြစ်သူမှာ ဒဏ်ရာများရရှိ လဲကျသေဆုံးနေကာ အိမ်သာအတွင်း အရိုး(၅)လက်မ၊ အသွား(၆)လက်မခန့်ရှိ ဝါးရိုးတပ် အိမ်သုံးဓား တစ်လက်ကို ပါတွေ့ရှိသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ သင်္ဘောကျင်းနယ်မြေ ရဲစခန်း(ပ)၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။

 

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် တပ်ဖွဲ့ဝင်များသည် လိုက်လံစုံစမ်းခြင်း၊ အခင်းဖြစ်စဉ်က ဦးသန်းရှိန် ဝတ်ဆင်ခဲ့သည့် အဝတ်အထည်များနှင့် အခင်းဖြစ်နေအိမ်၌ အသုံးပြုသော ရဲဒင်း၊ ဓားတို့အား ဓါတုဗေဒဝန်ရုံးသို့ ပေးပို့ထင်မြင်ချက် တောင်းခံခြင်းများ ဆောင်ရွက်ခဲ့ရာ ပေးပို့လာသော သက်သေခံပစ္စည်း ဓား၊ ရဲဒင်းနှင့် ဦးသန်းရှိန် အခင်းဖြစ်နေ့က ဝတ်ဆင်ခဲ့သည့် ပုဆိုးတို့၌ သွေးတွေ့ရှိကြောင်း ပြန်ကြားချက်များအရ ဦးသန်းရှိန်အား အသေး စိတ်စစ်ဆေးခဲ့သည်။

 

စစ်ဆေးချက်အရ အခင်းဖြစ်နေ့ ည ၆ နာရီ ၅ မိနစ်အချိန်တွင် ဦးသန်းရှိန်နှင့် သမီးဖြစ်သူ မနီလာခိုင်တို့ ကင်မလင်းကျွန်းရပ်တွင် သားအဖနှစ်ဦး ဝယ်ယူရန် စီစဉ်ထားသော မြေကွက်ကိစ္စနှင့် ပတ်သက်၍ စကားအခြေတင် များခဲ့ကြောင်း၊ မနီလာခိုင်မှ ဦးသန်းရှိန်အား ရိုင်းစိုင်းကြမ်းတမ်းသော စကားများဖြင့် ပြန်လည်ပြောဆို သောကြောင့် ရုတ်တရက် ဒေါသဖြစ်ကာ အနီးရှိ ငရုပ်ကျည်ပွေ့ဖြင့် မနီလာခိုင်၏ ဦးခေါင်းနောက်စေ့ဘက်သို့ အနောက်ဘက်မှ ရိုက်လိုက်ရာ မနီလာခိုင် လဲကျသွားစဉ် ဓားအားယူ၍ မနီလာခိုင်အား အိမ်သာထဲသို့ဆွဲသွင်းပြီး ၎င်း၏ ဝဲဘက်နံကြားအား ဓားဖြင့်ထိုး ခဲ့ကြောင်း၊ ထို့နောက် အိမ်သာအပြင်ဘက်သို့ ထွက်ကာ အသင့်တွေ့ရှိသည့် ရဲဒင်းအားယူ၍ မနီလာခိုင်အား ဆက်လက်ခုတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဦးသန်းရှိန်အား အမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

The Ladies News

No comments:

Post a Comment