စီးပွားရေးတိုးတက်ဖို့
***
ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေသည်။ ဘာတွေ ဆက်လုပ်ကြမလဲ။ လူငယ်အများ အင်မတန် တက်ကြွနေကြသည်။
`ငါတို့ တစ်ခုခုလုပ်ရင်ကောင်းမည်´ ဟူ၍ တစ်စုံတစ်ခုကို လုပ်ချင်နေကြသည်။ တစ်ချိန်က အာရှတွင် ကြီးမြတ်သော မြန်မာနိုင်ငံသည် အိမ်နီးနားချင်းတွေ ဖြစ်သည့် ထိုင်းတို့၊ မလေးတို့အောက်ကို ကျွန်တော်တို့ တစ်တွေ ရောက်ရှိနေသည်။
`စီးပွားရေးဗျ၊ စီးပွားရေး တိုးတက်ဖို့လိုသည်´ ဟု နားလည်ကြသည်။ စီးပွားရေး တိုးတက်ဖို့အတွက် ဘာတွေလုပ်ကြမလဲ။
ရွှေတွင်း ငွေတွင်း ပယင်းဒုတ္ထာ
***
နိုင်ငံတော်သမ္မတအကြံပေး စီးပွားရေး ပညာရှင်ဦးမြင့်က သူ၏ UMFCCI တွင် ပြုလုပ်ကျင်းပသော ဟောပြောပွဲတစ်ခုတွင် `သယံဇာတကျိန်စာ´ အကြောင်း ရှင်းပြသွားသည်။
မြန်မာနိုင်ငံသည် အမှန်ပင် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ ဆိုသော စကားကို ကြားဖူးကြပါသည်။ ဘုရင်များပိုင်သော သယံဇာတကို ပြောသော စကားဖြစ်သည်။ ရွှေကတော့ မြစ်ချောင်းတစ်လျှောက် ကျင်ယူကြသည်။ ပေါမှပေါပါပဲ။
ငွေတွင်းကတော့ နမ္မတူဘော်တွင်းမိုင်းမှ ရသည်။ ကမ္ဘာ့တန်းဝင် သတ္တုမိုင်းဖြစ်သည်။ ငွေအပြင် ခဲ၊ ကြေးနှင့် ရွှေကိုလည်း ရသည်။
တကယ်တော့ ခဲနဲ့တင် အလုပ်ဖြစ်သည့်မိုင်းဖြစ်၍ ငွေကိုအလျှံအပယ်ရသည်။ နမ္မတူဘော်တွင်းမိုင်းကို ကြီးကြပ်၍ တူးဖော်ရောင်းချခဲ့သူ အင်ဂ်ျနီယာ ဟားဗာတ်ဟူးဗားသည် အမေရိကန်၏ ၃၁ ယောက်မြောက် သမ္မတ ဖြစ်ခဲ့သည်။
ပယင်းကတော့ ခန္တီးတို့လို ချင်းတွင်းမြစ်ဖျားဒေသတွင် တည်ရှိသည်။ ခြင်တစ်ကောင်အတွင်းတွင် ပိတ်မိနေသော တစ်လက္မအရွယ် ပယင်းတစ်လုံးသည် သိန်း ၅၀ နှင့် တစ်ရာအကြား တန်ဖိုးရှိသည်။ ဒုတ္ထာကိုတော့ ယနေ့တွင် ပို၍သတိထားမိကြပေမည်။ မုံရွာခရိုင် ကြေးစင်တောင်မှ ဒုတ္ထာများထွက်ပြီး ကြေးနီထုတ်ယူကြရာတောင်သည်ပင် ချိုင့်ဝှမ်းကြီး ဖြစ်သွားလေတော့သည်။
ယနေ့ လက်ပံတောင်းတောင် ကြေးနီဆက်ထုတ်မည်ဟု တရုတ်နှင့် လက်မှတ်ထိုးသည်။ ထိုအတွက် ပြည်သူများ ပို၍ သတိပြုမိလာကြသည်။ အမှန်တော့ ကြေးစင်တောင်တို့၊ စပယ်တောင်တို့သည် ရှေးစဉ်အဆက်ဆက် မြန်မာတို့ ကြေးနီထုတ်နေကျ နေရာ ဖြစ်သည်။
ကျွန်းသည် မြန်မာပြည်အတွက် သယံဇာတကျိန်စာ ဖြစ်ပါသည်။ သတ္တုများ၊ ပလတ်စတစ်များကို အစားမထိုးနိုင်မီ ကျွန်းသည် အထူးအရေးပါခဲ့သည်။ ကျွန်းသည် လှေ၊ သင်္ဘောဆောက်ဖို့ အကောင်းဆုံးသော သစ် ဖြစ်ပါသည်။ အိမ်ထောင် ပရိဘောဂ အတွက်လည်း ကျွန်းသစ်က အရေးပါသည်။ အင်္ဂလိပ်တို့ အရမ်းသဘောကျသည်။
မြန်မာပြည် ကျွန်ဖြစ်ခဲ့ရသည့် အကြောင်းရင်းတစ်ရပ်တွင် ကျွန်းသစ်လည်း ပါဝင်သည်။ ဘုံဘေဘားမား ကုမ္ပဏီက ကျွန်းသစ်များကို ခိုးထုတ်ရာက ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ခဲ့သည်။
ကိုလိုနီဖြစ်ရခြင်း
***
ပြီးတော့ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်။ ၁၉၈၅ တွင်ဖြစ်သော စစ်ပွဲကတော့ မကြာလိုက်ပါ။ တစ်နိုင်ငံလုံး ကိုလိုနီလက်အောက် ကျရောက်ခဲ့သည်။ သယံဇာတ နောက်တစ်ခုကတော့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖြစ်သည်။ သူလည်း အရေးပါသည်။ အင်္ဂလိပ်တို့၏ ရေနံမြေကို ကောင်းကောင်း အသုံးချသည်။ ဒါကို ရေနံမြေ သပိတ်ကနေ သင်ခန်းစာယူနိုင်ပါသည်။
ဒုတိယကမ္ဘာစစ်က ဂျပန်တို့ ထိုင်းကိုကျော်ပြီး မြန်မာနိုင်ငံကို ၀င်ရောက်သိမ်းပိုက်သည်မှာ ရေနံလောင်စာကြောင့် ဖြစ်သည်။ ဂျပန်မ၀င်လာမီ အင်္ဂလိပ်တို့က သံလျင် ရေနံချက်စက်ရုံကို မီးတင်ရှို့ခဲ့သည်။ ရေနံချောင်းနှင့် ချောက်မှ ရေနံတွင်းများကို ဘိလပ်မြေ ကွန်ကရိလောင်းကာ ဖျက်ဆီးပိတ်ဆို့ခဲ့သည်။ သယံဇာတ အလျှံအပယ် ရှိနေသော နိုင်ငံကို တည်ဆောက်ဖို့အတွက် သာမာန်အားဖြင့် အခက်အခဲမရှိဟု ယူဆနိုင်သည်။
အစိုးရအတွက် ချောင်လည်သည်။ ပြည်သူတွေအတွက်လည်း သက်တောင့်သက်သာ ရှိသည်။ အခွန်တွေ မရရှိလည်း ဆက်လက် ရပ်တည်နိုင်သည်။ ဥပမာ အရှေ့အလယ်ပိုင်းမှ ဆော်ဒီအာရေဗျ နိုင်ငံတွင် ရေနံအလျှံအပယ် ထွက်သည်။ စိန် အလျှံအပယ် ထွက်သော တောင်အာဖရိက နိုင်ငံ။ ဖော့စဖိတ် အမြောက်အမြားထွက်သော နာအူရူး (Nauru) ကျွန်း တို့တွင် သဘာဝ သယံဇာတမှ စားဝတ်နေရေး အားလုံးကို ဖြေရှင်းပေးနိုင်သည်။
မြန်မာနိုင်ငံတွင်လည်း သဘာဝဓာတ်ငွေ့ တစ်ခုတည်းက တစ်နှစ်ကို ဒေါ်လာ သန်းသုံးထောင်ရသည်။ ထိုဝင်ငွေနှင့် အစိုးရ စရိတ်စက လုံလောက်သည်။
စီးပွားရေးအရ ထိုနိုင်ငံများသည် အဆင်ပြေနိုင်သည်ဟု ယူဆနိုင်သော်လည်း တကယ်တမ်း တိုးတက်မှု နှောင့်နှေးကြသည်။ ဒီလိုဖြစ်ရခြင်းကို သယံဇာတကျိန်စာ (Resources Curse) ဟု တင်စားခေါ်ဝေါ်ကြသည်။
သယံဇာတ ပေါများသော နိုင်ငံများတွင် အစိုးရကလည်း မကြိုးစား၊ ပြည်သူများကလည်း အနေချောင် သောကြောင့် တိုးတက်မှု နှောင့်နှေးရသည် ဟူသော အယူအဆ လွှမ်းမိုးလျက်ရှိသည်။ ကျွန်တော်တို့တစ်တွေ ကုဋေ ၈၀ သူဌေးသား မွဲသွားသည်ကို သင်ခန်းစာယူဖူးကြသည်။
မရှိမဖြစ် တက္ကနိုလိုဂျီ
***
သို့သော် အနေချောင်နေလျှင် မကြိုးစားကြပါ။ တစ်ဖက်ကလည်း အိမ်နီးနားချင်း နိုင်ငံများ တိုးတက်လာကြသည်။ သူတို့သည် ကျွန်တော်တို့ အိပ်ပျော်နေသော အနှစ် ၅၀ ကျော်မှ တက္ကနိုလိုဂျီတွေ ရကုန်ကြသည်။ တိုးတက်သည့် နိုင်ငံများ၏ အခြေအနေအတိုင်း သူတို့ဆီက လူများသည် အစွမ်းကုန် ကြိုးစားကြရသည်။
ထိုတိုးတက်သော နိုင်ငံများသည် တတိယကမ္ဘာဟု ခေါ်သော မတိုးတက်သော နိုင်ငံများမှ သဘာဝ သယံဇာတများကို ထုတ်ယူဖို့ ကြိုးစားကြသည်။ အင်မတန်ကောင်းသော (သနားစရာ ကောင်းသော) ဥပမာတစ်ခု ရှိသည်။ အဖြစ်အပျက်က ပစိဖိတ်ကျွန်းနိုင်ငံ ဖြစ်သော နာအူရူး (Nauru) တွင် ဖြစ်ခဲ့သည်။ ထိုကျွန်းတွင် Phosphate မြောက်မြားစွာ ထွက်ခဲ့သည်။ Nauru တွင် ထွက်သည့် ဖော့စဖိတ်သည် ဈေးကောင်းရသည်။ ထိုနိုင်ငံက လူတွေ ရုတ်တရက် ချမ်းသာသွားသည်။ ယနေ့ နာအူရူး နိုင်ငံ၏ မြေကြီးတွင် အပေါက်များသာ ကျန်ရစ်၍ ပြည်သူတွေ ဆင်းရဲမြဲ ဆင်းရဲနေကြသည်။ အစိုးရ ကြီးကြပ်ကာ ဖော့စဖိတ် ထုတ်နေသည်။ အရမ်းကို နောက်ကျသွားပါပြီ။
ကိုယ့်နိုင်ငံ ကိုယ်စောင့်ရှောက်
***
သယံဇာတကိုသာမက ကျွန်တော်တို့သည် နိုင်ငံသည်လည်း သဲတွေ ရောင်းစားကြသည်။ သံလွင်မြစ်ဝမှ သဲများတွင် သတ္တုသယံဇာတများစွာ ပါဝင်နိုင်သည်။ ထို့အတူ မြိတ်ကျွန်းစုရှိ သဲများတွင်လည်း ခဲမဖြူတို့၊ အဖြိုက်နက်တို့ ပါသည်။ ဒါတွေကို စုပ်ယူသွားကြသည်။
မြစ်ဆုံက မြေတွေကို တူးကာ တရုတ်နိုင်ငံက ယူသွားကြသည်။ ရွှေတွေပါသွားသည်ဟု ဆိုသည်။ သစ်ပင်များကို အမြစ်ပါတူး၍ ယူသွားကြသည်။ မြန်မာ့သစ်တောတွေ ကုန်နေတာကို လူတိုင်းသိသည်။ အမေရိကန် ပြည်ထောင်စုတို့၊ တရုတ်နိုင်ငံတို့မှာ သစ်တောညို့ညို့တွေ အများကြီးရှိနေသည်။ တရုတ်တို့က ကျွန်တော်တို့ဆီက သစ်ခိုးထုတ်သည်။ စစ်ကိုင်းက သစ်သည် မူဆယ်နယ်စပ်ရောက်မှ မိသည်။ မမိသည်လည်း များစွာရှိပေမည်။ ဂိတ်အဆင့်ဆင့်ကို ကျော်ဖြတ်လာသော သစ်လုံးကားကြီးများသည် ငွေခင်း၍လာဟန် တူသည်။ အကျင့်ပျက်၍ ဖြစ်ပါသည်။
ယနေ့ အင်္ဂလန်က သစ်တစ်ပင်ကို ဘယ်သူမှ မခုတ်ရဲပါ။
အကြောင်းကား အင်္ဂလန်ကို အင်္ဂလိပ်တို့က စောင့်ရှောက်သည်။
တရုတ်နိုင်ငံကို တရုတ်ကစောင့်ရှောက်ပါသည်။
သို့သော် မြန်မာပြည်သူတို့သည် မြန်မာနိုင်ငံကို စောင့်ရှောက်ရာမှာ ပေါ့လျော့နေပါသည်။ သစ်တောဥပဒေ၊ သဘာဝပတ်ဝန်းကျင် ဥပဒေ ဘယ်လိုရှိရှိ ဥပဒေကို အရေးယူ ထိန်းသိမ်းစောင့်ရှောက်သူတွေရှိမှ ဥပဒေကို လိုက်နာကြမှ တိုင်းပြည် အဆင်ပြေပါမည်။
နိဂုံး
***
ခင်ဗျားတို့ စဉ်းစားကြည့်ပါဗျာ။
ဥပဒေဆိုသည်မှာ လူက လုပ်ထားခြင်းပါ။
လူသာ အဓိက ဖြစ်သည်။
သယံဇာတ ကျိန်စာ ပျက်ပျယ်စေရန် နည်းတစ်ခုတော့ ရှိသည်။ ခက်တော့ ခက်သည်။ အာဏာရှိသူများ၊ အုပ်ချုပ်သူများနှင့် သက်ဆိုင်ပါသည်။ သူတို့ အကျင့်မပျက်လျှင် ထိုကျိန်စာ ပျက်ပျယ်သွားပါမည်။ အာဏာနှင့် ငွေအစား ပညာနှင့် မေတ္တာဖြင့် အုပ်ချုပ်လျှင် တိုင်းပြည်သာယာဝပြောမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ဒေါက်တာခင်မောင်ညို
The Ladies News
No comments:
Post a Comment