Sunday, March 11, 2018

ပျားရည်ဆမ်းခရီး ပြီးတဲ့အခါတွေမှာ

“ဆရာဟစ် ဘာလို့ မိန်းမ မယူတာလဲ”

 

“ဟာ” လို့ မောင်ဟစ်စိတ်ထဲ ခံစားလိုက်ရတယ်။ ဒါဟာ မောင်ဟစ်ရဲ့ အားနည်းချက်ပဲ မဟုတ်လား။ ကွန်ညက်ဟာ မောင်ဟစ်ကို ဘာမဆိုင်ညာမဆိုင် လာပြီး ဒီမေးခွန်းမှမေးတယ်။ အမေးရှိရင် အဖြေရှိရမှာပေါ့။ သူ့ကို အရင်ဆုံး အလုံးတစ်လုံး ထည့်လိုက်တယ်။

 

“မင်းနဲ့ပါဆို ဒီလိုမေးတာ လူတစ်ထောင်နဲ့ တစ်ယောက်ရှိပြီ”

 

“ဆရာဟစ် ဘာကိုဆိုလိုတာလဲ”

 

“လူတွေ အိမ်ထောင်မပြုရင် မေးကြတာကို ပြောတာပါကွာ။ လူ့ရွာလူ့ဘ၀မှာ အိမ်ထောင်ရက်သား ကျတာ မဆန်းပါဘူး။ မကျတာကသာ ဆန်းတယ်လို့ ဆိုရမှာပေါ့”

 

“ဒါဆို၊ ပြောင်းမေးမယ်၊ လူတွေဟာ ဘာလို့ အိမ်ထောင်ပြုကြတာလဲ”

 

“အမျိုးမျိုးပေါ့၊ လူတွေဟာ ဒါကို ဘ၀ကို တည်ထောင်ကြတယ်လို့ ဆိုတယ်”

 

“ဆရာဟစ်ကတော့ အိမ်ထောင်မပြုဘဲ တည်ထောင်တာပေါ့ ဟုတ်လား”

 

“ကမ္ဘာမှာ နှစ်စဉ် အိမ်ထောင်ပြုနေသူတွေ အများကြီးရှိတယ်။ မြန်မာတွေကတော့ ၀ါလကင်းလွတ် သီတင်းကျွတ်မှာ အိမ်ထောင်ပြုတဲ့ အလေ့အထရှိတယ်။ ဘာလို့လဲ သိလား”

 

“၀ါတွင်း အိမ်ထောင်ပြုရင် ငရဲကြီးမှာကြောက်လို့ နေမှာပေါ့။ ဘာသာရေး ပညတ်ချက်ကြောင့် ဖြစ်မှာပေါ့”

 

“ဘာသာရေးဆိုတာ အကျိုးနဲ့အကြောင်းပါတယ်။ မင်း စဉ်းစားကြည့်။ ၀ါတွင်းဆိုတာ မိုးတွင်းပဲပေါ့ ကွန်ညက်”

 

“ဟုတ်ကဲ့”

 

“မြန်မာပြည်မှာ ဒီအချိန် လူတွေစိုက်ရေးပျိုးရေးတွေ လုပ်နေတယ်။ ပြီးတော့ သွားရလာရ ခက်တယ်လေ။ သီတင်းကျွတ်တော့ ပွင့်လင်းရာသီရောက်ပြီ၊ စပါးလေးဘာလေး ပေါ်ပြီလေ။ စပါးလည်းရောင်း မင်္ဂလာလည်းဆောင်၊ ဘယ်လောက် ကောင်းထားလဲ”

 

“မင်းနဲ့ငါနဲ့ လက်ထပ်ကြရင် ဘာတွေလုပ်မကြမလဲ …”

 

“မင်းအသံကလည်း အတော်နာတာပဲ။ ခုခေတ်တော့ မင်္ဂလာဆောင်ပြီးရင် Honeymoon လို့ခေါ်တဲ့ ပျားရည်ဆမ်းခရီး ထွက်ကြတယ်”

 

“ဟုတ်တယ် ဆရာဟစ်၊ အနောက်တိုင်းက ကူးစက်လာတဲ့ အလေ့အထဖြစ်တဲ့ ပျားရည်ဆမ်းခရီး ထွက်တဲ့ အလေ့အထဟာလည်း ကောင်းတာပဲ”

 

“ဘာတွေ ကောင်းတာလဲ”

 

“ခရီးသွားတယ်ဆိုတာ ဗဟုသုတရတယ်။ နောက်ပြီး ခရီးသွားမှ ဒုက္ခသုက္ခတွေအကြား တစ်ယောက်ကို တစ်ယောက် ဘယ်လောက် သည်းခံနိုင်တယ် ဆိုတာ တွေ့ရတာပေါ့။ ဒါပေမဲ့ ချမ်းသာတဲ့ သူတွေကတော့ ဒီအခွင့်အရေး မရရှာဘူး”

 

“မင်းက အတော် အတွေးခေါင်တာပဲ။ ချမ်းသာတဲ့သူတွေမှာလည်း သူ့ဒုက္ခနဲ့ သူ ရှိတယ်မှတ်။ မင်းတောင် အလှူအိမ်သွားတဲ့အခါ ဟင်းခွက်တွေများလို့ ထမင်းစားမကောင်းတာမျိုး ဖြစ်သေးမဟုတ်လား”

 

“ကျွန်တော် မင်္ဂလာဆောင်တဲ့အခါ ဆရာဟစ် ဘာလက်ဖွဲ့မလဲ”

 

“လက်ထပ်ပြီး ရက် ၁၀၀ သို့မဟုတ် ပျားရည်ဆမ်းခရီးပြီး ရက် ၁၀၀ နောက်မှာဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးလက်ဖွဲ့မယ်”

 

“လက်ဖွဲ့တယ်ဆိုတော့ ကျွန်တော် မူပိုင်ခွင့် Intellectual Property Right ကို ရမှာပေါ့”

 

“မင်းက အတော် အမြတ်ထုတ်ချင်တာပဲ။ ဒါပေမဲ့ ပျားရည်ဆမ်းခရီးပြီး ရက် ၁၀၀ ဆိုတာကို ရေးချင်နေတာကြာပြီ”

 

“ဘာဖြစ်လို့လဲ”

 

“အထူးသဖြင့် အစိုးရအသစ်တွေ တက်လာတဲ့အခါ ရက်တစ်ရာအကြာဆိုတဲ့ စကားအစား ပျားရည်ဆမ်းခရီးအပြီးမှာ ဆိုတဲ့ စကားကိုသုံးတတ်တယ်။ NLD အစိုးရ အာဏာလွှာယူတာ ၂၀၁၆ ဧပြီလ တစ်ရက်နေ့ မဟုတ်လား”

 

“ဟုတ်တယ်။ လူတွေက ရက်တစ်ရာခရီးကို မျှော်လင့်ခဲ့ကြတယ်”

 

“တကယ်တော့ ဒီရက် ၁၀၀ ခရီးကို grace period လို့လည်း ခေါ်တယ်။ အပြစ်မယူ ခွင့်လွှတ်ထားတဲ့ အချိန်လို့ ဆိုတယ်”

 

“ဒီလို ပျားရည်ဆမ်းခရီးလို့ ခေါ်တဲ့ ရက် ၁၀၀ မှာ တစ်ယောက်ကို တစ်ယောက် နားလည်အောင် ကြိုးစားနေရလို့ အမှားတွေ လုပ်မိတာတွေ ရှိနိုင်တယ်။ ချစ်စခင်စ ကြင်နာစမှာတော့ တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်နိုင်ကြတယ်”

 

“တိုင်းပြည်ကို ကြည့်ရင်လည်း ဒီလိုပါပဲ”

 

“မှန်တာပေါ့။ ပြည်သူတွေဟာ အစိုးရသစ်ကို ပျားရည်ဆမ်းခရီး ရက်တစ်ရာ မှာ ခွင့်လွှတ်တာကို တွေ့ရတယ်။ ဒါပေမဲ့ ရက် ၁၀၀ နောက်ပိုင်းမှာ တကယ့်စစ်မှန်တဲ့ ကမ္ဘာကြီးထဲ ၀င်လာရတော့တာပဲ”

 

“လင်မယားတွေဟာ တစ်ယောက်ကို တစ်ယောက် အထင်တကြီးနဲ့ လေးစားတဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့်လည်း သူတို့ဟာ လက်ထပ်ပြီး အတူနေတဲ့အခါတွေမှာ တစ်ယောက်ကိုတစ်ယောက် အထင်ကြီးတယ်၊ လေးစားကြတယ်၊ ဒါပေမဲ့ ရက် ၁၀၀ ပျားရည်ဆမ်းခရီး ပြီးတဲ့နောက်မှာ ဒီလို အထင်ကြီးမှုတွေ ပျောက်ကွယ်သွားတတ်တယ်”

 

“ဘာကြောင့်လဲ”

 

“ဒါဟာလည်း လူတွေရဲ့ သဘောသဘာဝပဲ ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးတာတွေ များလာရင် လေးစားမှုတွေလည်း လျော့ပါးလာတတ်ပါတယ်။ နတ်ရုပ်ထုတဲ့ မောင်ထင်လိုပေါ့”

 

“ဆရာဟစ် မောင်ထင် အကြောင်း ပြောပြပါဦး”

 

“မောင်ထင်ဆိုတဲ့ လူငယ်ပန်းပုဆရာဟာ သစ်ငုတ်တိုတစ်ခုကို နတ်ရုပ်အဖြစ် ထုတယ်။ သူဟာ နတ်ရုပ်ကို ထုတဲ့အခါ နတ်ရုပ်ရဲ့ ပခုံးပေါ် ထိုင်ခွထုရတာတွေ ရှိတယ်။ နတ်ရုပ်ကို အပ်တဲ့သူက နတ်ရုပ်ကို ညောင်ပင်အောက်မှာ ထားပြီး ပူဇော်တယ်။ လူတွေကလည်း သူတို့လိုရာ ဆန္ဒတွေကို နတ်ကွန်းကိုသွားပြီး ပူဇော်ကာ ဆုတောင်းတယ်။ နတ်ဖမ်းစားမှာ ကြောက်လို့ နတ်ရှေ့မှာ မဟုတ်တာ မလုပ်ရဲဘူး။ ရိုရိုသေသေပေါ့။ ဒါပေမဲ့ မောင်ထင်ကတော့ နတ်ရေစင်ဖိုး ဆိုလည်း ယူပြီး အရက်သောက်ပစ်တာပဲ။ တစ်ခါတစ်ခါလည်း နတ်ရုပ်ရဲ့ ပေါင်ပေါ် ခြေထောက်တင်ပြီး အိပ်တတ်သေးတယ်တဲ့”

 

“အတော်ဆိုးတာပဲ”

 

“ဟုတ်တယ်။ နတ်ကို သူက ခေါင်းကို ခြေကိုင် ဆေးသုတ်ပေးခဲ့တာကိုး။ ရိုသေမှု ကင်းလာတာပေါ့”

 

“တကယ်တမ်း လင်မယား ဖြစ်လာတဲ့အခါ မရိုသေရင်တောင် လေးစားမှုတော့ ရှိရတယ်”

 

“အပြန်အလှန် လေးစားရတာပေါ့”

 

“ဟုတ်တယ်။ လူတွေရဲ့ အကျင့်စရိုက်တွေ ထင်ရှားလာတာဟာ ရက် ၁၀၀ ပျားရည်ဆမ်းခရီး အပြီးမှာ ပိုမိုသိသာ ထင်ရှားလာတတ်တယ်လို့ ဆိုတယ်။

 

--- --- ---

 

“ဆရာဟစ်က မိန်းမ မယူဖူးဘဲနဲ့ ဒါတွေ ဘယ်လိုသိလဲ”

 

“မီးအလောင်ခံဖူးမှ မီးပူတာကို သိတာမှမဟုတ်တာပဲ”

 

“ဒါတော့ ဟုတ်တယ်။ ဒါပေမဲ့ လူမှုရေးက ကျယ်ပြန့်တယ် ဆရာဟစ်”

 

“မင်းပြောတာကို လက်ခံပါတယ်။ ဒါပေမဲ့ အခြေခံတွေက တူပါတယ်။ ငါက အခြေခံကို ပြောတာပါ”

 

“ဒါဆိုရင် နိုင်ငံတစ်ခုကို တည်ဆောက်တာကကော။ ဒီလိုမျိုး ယူဆချက်တွေနဲ့ ပြောတာ အခြေခံပဲပေါ့”

 

“ဟုတ်တယ်။ နိုင်ငံတစ်ခုကို တည်ဆောက်သလို အိမ်ထောင်တစ်ခုကို တည်ဆောက်တယ်ဆိုပြီး တင်ပြတာပါ။ ဒါတွေ အားလုံးဟာ ခက်တာပဲ”

 

“အိမ်ယာ တည်ထောင်တာနဲ့ နိုင်ငံတည်ထောင်တာ ဘယ်ဟာ ပိုအရေးကြီးသလဲ၊ ကျွန်တော် ဆိုလိုတာက ညှိနှိုင်းအဖြေရှာတာမျိုးပါ”

 

“ဘယ်ဟာ အရေးပါသလဲ ဆိုတာကိုတော့ မဆုံးဖြတ်နိုင်ပါဘူး။ တကယ်တော့ နှစ်ခုလုံး အရေးပါပါတယ်။ တကယ်တမ်း အိမ်ထောင်တစ်ခုမှာ အဓိကဇာတ်ကောင်က နှစ်ဦးတည်းပဲ ပါဝင်တယ် မဟုတ်လား။ သူ့ကို ညှိနှိုင်းရတာက ပိုလွယ်မယ်လို့ ယူဆစရာ အကြောင်းရှိပါတယ်။ လင်နဲ့မယားအကြားမှာ ချစ်ခြင်း မေတ္တာဆိုတာတွေ ရှိတယ်။ တစ်ယောက်ကိုတစ်ယောက် မေတ္တာထားပြီး ခွင့်လွှတ်တာတွေ ရှိနိုင်တယ်”

 

“အစိုးရနဲ့ ပြည်သူတွေအကြားမှာတော့ ချစ်ခြင်းမေတ္တာဆိုတဲ့ ကိုယ်ရေးကိုယ်တာတွေ မပါဘူး။ ဒါပေမဲ့ ပြည်သူတွေဟာ အစိုးရကို အားကိုးတယ်။ အထင်ကြီးတာတွေ ရှိတယ်။ အစိုးရက တစ်စုံတစ်ခု လုပ်ပေးမယ်လို့ မျှော်လင့်နေကြတယ်”

 

“ရက် ၁၀၀ ကျော်တဲ့အခါ အစိုးရက ပြည်သူတွေ မျှော်လင့်သလို မလုပ်ပေးနိုင်ရင်တော့ ပြည်သူတွေ စိတ်ပျက်တာတွေ ဖြစ်လာတတ်တယ်”

 

“နိုင်ငံရေး ရှုပ်ထွေးပါတယ်။ တကယ်တော့ အိမ်ထောင်ရေးပဲ ပျော်စရာ ကောင်းမယ်ထင်တယ်”

 

“ညားခါစတော့ ပျော်စရာပေါ့။ ဒါပေမဲ့ လင်မယားတွေကျတော့ တဖြည်းဖြည်း ရိုးအီလာတတ်တာတွေ ရှိပါတယ်”

 

“အလုပ်လုပ်နေတဲ့ လင်မယားတွေ အနေနဲ့တော့ အဆင်ပြေမယ်ထင်ပါတယ်”

 

“မှန်တာပေါ့ အလုပ်လုပ်နေတဲ့ လင်မယားတွေအနေနဲ့တော့ ရိုးအီမှုမရှိဘူး။ သင်တန်းလေးတက်တာမျိုးတွေက အမြဲတက်ကြွလန်းဆန်းစေတယ်။ လင်မယားတွေအကြားမှာ တစ်ယောက်နဲ့ တစ်ယောက် အထင်ကြီးတာတွေ လျော့သွားတဲ့အခါတွေမှာ လေးစားမှုတွေလည်း လျော့လာတယ်”

 

“လူတွေဟာ လေးစားမှုမရှိရင် ဆက်ဆံရေးမှာ ခက်ခဲလာတယ်”

 

--- --- ---

 

“တစ်ယောက်ကို တစ်ယောက် လေးစားရင် အိမ်ထောင်သည်ဘ၀ သာယာမှာပဲ”

 

“အေးကွ၊ ဒါက အရေးအကြီးဆုံးပဲ”

 

“အစိုးရနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူနဲ့ အစိုးရ အပြန်အလှန်ကို လေးစားဖို့ လိုပါတယ်။ အစိုးရက ဘယ်လောက်ကောင်းအောင် လုပ်ပေးလုပ်ပေး ပြည်သူတွေက အစိုးရကို ပြစ်တင်ဝေဖန်နေကြမှာပဲ”

 

“လူ့အလိုက် နတ်မလိုက်နိုင်ဘူးလေ။ သိကြားမင်း ဖန်ဆင်းပေးတဲ့ နွားတောင် ချိုစောင်းတယ် ပြောချင်ပြောတာပဲ”

 

“ဒီလို ဝေဖန်တာတွေရှိတဲ့အခါမှာ အစိုးရရဲ့ တုံ့ပြန်မှုတွေ သိမ်မွေ့ဖို့နဲ့ မှန်ကန်ဖို့လိုတယ်”

 

“နိုင်ငံရေးပါးဝတယ် ဆိုတာပေါ့”

 

“ဟုတ်ပါ့။ နိုင်ငံရေးဆိုတာ တည့်တည့်လုပ်လို့ ရတာမှမဟုတ်ပဲ”

 

“ရက် ၁၀၀ နောက်ပိုင်း စောင်းသွားတာလား”

 

“ခုဆို နှစ်နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်”

 

“တည့်တည့်သွားမှာလား စောင်းစောင်းသွားမှာလား၊ တည့်တည့်သွားမှာလား၊ စောင်းစောင်း သွားမှာလား ကြိုက်ရာကို ရွေးကြပေါ့ကွယ်”

 

“တော်လောက်ပါပြီ ကွန်ညက်ရယ်”

 

“ဗြဲ”

 

မောင်ဟစ်

The Ladies News

No comments:

Post a Comment