Monday, March 19, 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း အငှားယာဉ်မောင်းကို ရက်ရက်စက်စက်သတ်ဖြတ်ကာ မော်တော်ယာဉ်ကို ယူဆောင်သွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဆူးပဒေါင်းကွင်းရွာ အနီးတွင် ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခဲ့သည့်အမှုမှာ အငှားယာဉ်ကို လုယူသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ကနဦးယူဆကြောင်း ကျောင်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Ladies သို့ မတ်လ ၁၉ ရက်တွင် ပြောသည်။

“အဲ့ဒီနေ့(မတ်လ ၁၈ ရက်)က အလောင်းက လမ်းဘေးမှာတွေ့တယ်ပေါ့ ။ ကျွန်တော်တို့ကို ရွာကနေ အကြောင်းကြားတော့ ကျွန်တော်တို့သွားစစ်တာ လည်ပင်းနားမှာ ထိုးသွင်းဒဏ်ရာနဲ့ တွေ့တယ်။ ၃၀၂ နဲ့ အမှုဖွင့်တယ်။ စခန်းမှူး ကိုယ်တိုင်စစ်တယ်။ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းတော့ Taxi မောင်းတဲ့သူပေါ့။ ပြောရမယ်ဆိုရင်တော့ သူ့ကို သတ်ပြီးတော့ Taxi ကို ယူသွားတဲ့ပုံစံပေါ့” ဟု အဆိုပါရဲအရာရှိက ပြောသည်။

အဆိုပါအမျိုးသားအလောင်းကို မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြား၊ ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့သွားသည့် ကားလမ်း ယာဘက်ခြမ်း လမ်းဘေးချောက်ထဲ၌ အသက်(၃၆)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးကို လည်ပင်းဝဲဘက် (၁) လက်မခန့် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ လည်ပင်းယာဘက် (၅)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်၍  ရဲလုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ထားကာ ကျောင်းကုန်းမြို့မရဲစခန်း၌ (ပ)၆၈/၂၀၁၈၊ (အမှုကြီးအမှတ်စဉ် ၃/၂၀၁၈)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အပါအ၀င် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

The Ladies News

No comments:

Post a Comment