မတ်လ ပထမပတ်မှစတင်၍ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း၌ တပ်မတော်နှင့် KNU တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မတော်သည် ဒေသခံပြည်သူများအပေါ် ထိခိုက်နှစ်နာအောင် ပြုလုပ်ခဲ့ခြင်းမရှိ ဟု
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူုး (၂) တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။
ထို့ပြင် နှစ်ဖက်တင်များမှုမျာကို လျှော့ချနိုင်ရန်အတွက် မတ်လ ၂၉ ရက်သို့ ၃၀ ရက်နေ့များနှင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၌ တပ်မတော်နှင့် KNU စစ်ဖက် ထိပ်တန်းခေါင်းဆောင်တို့ တွေ့ဆုံမည်ဖြစ်ကြောင်းကိုလည်း ၄င်းကပြောကြားသည်။
မတ်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ NRPC ရုံးတွင်ပြုလုပ်သော ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ၁၅ ကြိမ်မြောက် ၂ ရက်တာ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးဝဏ္ဏအောင်က သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့၏ တိုက်ပွဲများကြောင့် လက်ရှိအချိန်တွင် ဒေသခံပြည်သူ နှစ်ထောင်ကျော်သည် စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ယခု JMC-U ၏ ၁၅ ကြိမ်မြောက် အစည်းအဝေးတွင်လည်း တပ်မတော်နှင့် KNU တို့၏ တိုက်ပွဲများအကြောင်းကို အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
`ဒေသခံတွေကတော့ မှန်ပါတယ်။ ရွာသူရွာသား ဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်တယ် ဆိုတော့လည်း သူတို့ ရှောင်ကြတာပေါ့။ အခုလို နှစ်ဖက်က ညှိနှိုင်းမှုတွေနဲ့ ဆွေးနွေးမှုတွေနဲ့ ဆောင်ရွက်သွားမယ် ဆိုရင်တော့၊ ကိုယ်တို့ အခုလုပ်တဲ့ ဘက်မှာလည်း ရွာသားတွေကို ထိခိုက်စေလိုတာ လုံးဝတစ်ခုမှမပါပါဘူး။ အခုအချိန်အထိလည်း မထိခိုက်ခဲ့ပါဘူး။ ဒါကြောင့်မို့လို့ လမ်းတွေ ဖောက်ကတည်းကိုက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေပြီးတော့ KNU တပ်မဟာ (၅) ကို စာပို့တာရှိပါတယ်။ ရွာသားတွေရဲ့ ပိုင်းဆိုင်မှု လယ်ယာမြေတွေကို အတတ်နိုင်ဆုံး ရှောင်ကွင်းပြီးတော့ အကောင်းဆုံး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရွာသူရွာသားတွေကိုလည်း ဒုက္ခ ရောက်အောင် လုပ်သွားမှာ မဟုတ်ဘူးဆိုပြီး စာပို့ကတည်းကိုက ဒီအကြောင်းအချက်တွေ ပါပါတယ်` ဟု ဗိုလ်မှူးဝဏ္ဏအောင်က ပြောကြားသည်။
ဆက်လက်ပြီး ဗိုလ်မှူးကြီးဝဏ္ဏအောင်က `ဆွေးနွေးတဲ့အခါမှာလည်း သိပ်တော့ ခက်ခက်ခဲခဲ အချက်တွေ ရှာစရာမရှိပါဘူး။ အရင် သူတို့ကိုပြောထားတဲ့အချက် ကလေးတွေကိုပဲ နားလည်းအောင် တွေ့ဆုံပြီး ညှိနှိုင်း ဆောင်ရွက်သွားခြင်းအားဖြင့် အဆင်ပြေသွားမယ်လို့တော့ ယုံကြည်ပါတယ်။ ဒီလိုပြေလည်သွားရင် ရွာသားတွေကလည်း အဝေးသွားစရာ မလိုပါဘူး။ အခုကတော့ စိုးရိမ်စိတ်နဲ့ သွားကြတာဖြစ်ပါတယ်။ တပ်မတော် ဘက်ကလည်း ရွာသားတွေနဲ့ ပတ်သက်ပြီးတော့ ကျင့်ဝတ် ၆၀ နဲ့အညီ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်တွေအတိုင်း နေဖို့လည်း မှာကြားပြီးတော့ အကုန်လုံးကို စေလွှတ်တာဖြစ်ပါတယ်။ ရွာကိုလည်း လုံးဝ အထိလည်းမခံပါဘူး၊ ရွာသားတွေကိုလည်း ဒုက္ခဖြစ်စေလိုတဲ့စိတ် လုံးဝမရှိပါဘူး။ ဒါလည်း ဒီနေ့ဆွေးနွေးတဲ့ အချိန်မှာ ထည့်သွင်းဆွေးခဲ့ကြပါတယ်` ဟုပြောကြားသည်။
တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြရခြင်းမှာ တပ်မတော်ဘက်မှ ခေးပူကျေးရွာနှင့် လယ်မူပလော ကျေးရွာကြား လမ်းဖောက်လုပ်ခြင်းကြောင့် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တပ်မတော်ဘက်မှ လမ်ဖောက်လုပ်ရခြင်းမှာ ဒေသတွင်း၌ရှိသော တပ်စခန်းများမှ တပ်သားများအတွက် ရိက္ခာပို့ဆောင်နိုင်ရန်လုပ်ဆောင်ရခြင်း ဖြစ်သည်ဟုဆိုသည်။
`လယ်မှုပလောနဲ့ ခေးပူမှာ ကိုယ်တို့ရဲ့ တပ်စခန်း ရှေ့တန်းစခန်း ထားရှိပါတယ်။ ဒီတပ်စခန်းတွေအတွက် စစ်သည်တွေ စားသုံးဖို့အတွက် နှစ်စဉ် အခုလိုမိုးမကျမီ ဒီလိုပွင့်လင်းရာသီမှာ ရိက္ခာစုပုံရေးဆိုတာ လုပ်ရပါတယ်။ ရိက္ခာစုပုံရေး လုပ်တဲ့အခါကြတော့ ရိက္ခာစုပုံနိုင်ဖို့အတွက် မော်တော်ယာဉ်တွေ တက်ရပါတယ်။ ယာဉ်တွေ တက်ရောက်ရနိုင်တဲ့ လမ်းကြောင်းတော့ ဖောက်ရပါတယ်။ နံပါတ်တစ်ကတော့ စစ်သည်တွေရဲ့ အုပ်ချုပ်မှုကိစ္စပေါ။့
ရိက္ခာပုံတာတော့ အုပ်ချုပ်မှုကိစ္စလို့ ဆိုကြပါစို့၊ နံပါတ်နှစ်ကတော့ ခေးပူနဲ့ လယ်မူပလောကြားမှာ ကရင်လူမျိုးတွေရဲ့ ရွာတွေလည်း ရှိပါတယ်။ ၁၁ ရွာရှိတယ်လို့ အကြမ်းဖျဉ်းသိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလမ်းကြောင်းကြီး ဖေါက်ပြီးသွားရင် တပ်မတော်အနေနဲ့ လိုအပ်တဲ့ ရိက္ခာပို့ပြီးရင် ဒီလမ်းကြောင်းကို ထားပြီး ကိုယ့်နေရာကိုယ် ပြန်သွားကြမှာ ဖြစ်ပါတယ်။ ကိုယ့်စခန်း ကိုယ်ဆင်းသွားမှာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်း တစ်ကြောင်း ကျန်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပြုပါတယ်` ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။
KNU ဘက်ကမူ ယခုလိုလမ်းဖောက်လုပ်ခြင်းမှာ ၄င်းတို့ကို စစ်ဆင်းရေးအတွက် ပြင်ဆင်နေသည်ဟု အမြင်ရှိနေကြောင်း JMC-U အတွင်းရေးမှူး (၁) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် ဒေါက်တာရွှေခါးက ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည့် လမ်းဖောက်လုပ်ခြင်းကိုမူ မတ်လ ၂၉ သို့မဟုတ် ၃၀ ရက်နေ့များတွင် ကျောက်ကြီးမြို့နယ်၌ ပြုလုပ်မည့် နှစ်ဖက်စစ်ဖက် ထိပ်သီးခေါင်းဆောင်းများ တွေ့ဆုံမည့် အချိန်တွင် ဆွေးနွေးကြမှာဖြစ်ပြီး လတ်တလောတွင် နှစ်ဖက်ထိတွေ့မှုများ နည်းနိုင်သမျှနည်းအောင် နှစ်ဖက်စလုံးကို တိုက်တွန်းထားသည်ဟု ဒေါက်တာရွှေခါးက ပြောကြားသည်။
နှစ်ရက်တာ ဆွေးနွေးခဲ့သော JMC-U ၏ ၁၅ ကြိမ်မြောက် အစည်းအဝေးတွင် ဖွန်းပွန်ဖြစ်စဉ်နှင့် ပတ်သက်ပြီး JMC အဆင့်ဆင့်တွင် အရပ်သား ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ ကြားဝင်ညှိနိုင်း ဆောင်ရွက်သွားရန်နှင့် တပ်မတော်နှင့် KNU မှ နှစ်ဖက် စစ်ဖက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များ မတ်လ ၂၉ သို့မဟုတ် ၃၀ ရက်နေ့များတွင် ကျောက်ကြီးမြို့နယ်အတွင်း၌ တွေ့ဆုံဆွေးနွေးရန် အပါအ၀င် အချက်ပေါင်း ခြောက်ချက်ကို သဘောတူညီခဲ့ကြသည်။
အောင်ရဲနောင်
The Ladies News
No comments:
Post a Comment