Thursday, April 26, 2018

ဟိုတယ်အခန်းတွင်းရှိ အသုံးဆောင်ပစ္စည်းများအား မီးရှို့ပြီး ဟိုတယ်ခေါင်းမိုးပေါ်မှ ခုန်ချမည့်သူကို အချိန်မီ ကယ်တင်


တာချီလိတ် ၂၆ ဧပြီ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါဆပ်ရပ်ကွက် ကျင်းလုံဟိုတယ်၌ ဟိုတယ်အခန်းတွင်းရှိ အသုံးဆောင်ပစ္စည်းများအား မီးရှို့ပြီး ဟိုတယ်ခေါင်းမိုးပေါ်မှ ခုန်ချမည့်သူကို အချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဧပြီ ၂၅ ရက်ည ၇ နာရီခန့်အချိန်တွင် ကျင်းလုံဟိုတယ်မန်နေဂျာ ဒေါ်နန်းစံဟွမ်သည် ကျင်းလုံဟိုတယ်ပိုင် ရေကူးကန်အနီးရှိ စားသောက်ဆိုင်တွင် စာရင်းဇယားများ ပိတ်ရန်ဆောင်ရွက်နေစဉ် ဟိုတယ် ခေါင်မိုးပေါ်တွင် လူတစ်ဦးတက်ရောက်နေကြောင်း၊ ယင်းပုဂ္ဂိုလ်သည် ဟိုတယ်ခေါင်မိုးပေါ်မှ အောက်သို့ခုန်ချရန် ပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် ၎င်းအား မခုန်ချရန် ပြောဆိုတားမြစ်ခဲ့သည်။


အဆိုပါ ပုဂ္ဂိုလ်သည် ဟိုတယ် အခန်းအမှတ်(၈၃၁၄)တွင် ငှားရမ်းတည်းခိုနေသော စိုင်းဆိုင်လာ ဆိုသူဖြစ်ပြီး ယင်းအခန်းအတွင်းမှ မီးခိုးများ အူထွက်နေကြောင်းတွေ့ရသဖြင့် အခန်းသို့ သွားရောက်ကြည့်ရှုရာ အခန်းတွင်းရှိ ခုတင်၊ မွေ့ရာ၊ ဗီရို၊ ထိုင်ခုံတို့မှ မီးလောင်ကျွမ်းနေသည်ကိုတွေ့ရ၍ ဟိုတယ်ဝန်ထမ်းများနှင့်အတူ မီးသတ် ဆေးဘူး များဖြင့် မီးငြှိမ်း သတ်ခဲ့ကြောင်း၊ ထို့နောက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ မီးလောင်နေသော အခန်းအား ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၆ နာရီ မိနစ်၅၀တွင် မီးငြိမ်းခဲ့သည်။


မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ စိုင်းဆိုင်လာအား စစ်ဆေးရာ ဟိုတယ်အခန်းအတွင်းရှိ ရေချိုးတဘက်ပေါ်တွင် ခေါင်းလိမ်းဆီ စပရေးအရည် ပက်ဖျန်းပြီး ဂက်စ်မီးခြစ်ဖြင့် မျက်နှာသုတ်ပုဝါအား ဗီရိုဘေးရှိ ထိုင်ခုံပေါ်တင်ကာ မီးရှို့ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် စိုင်းဆိုင်လာ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ် (တာချီလိတ်)
Myanmar Digital News

No comments:

Post a Comment