မျှဝေပါ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာပဲ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ ပိုမိုကြိုးပမ်း ဆောင်ရွက်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို လတ်တလေ ကိုင်တွယ် ဆောင်ရွက်နေတာတွေဟာ လုံလောက်မှု မရှိဘူးလို့လည်း HRW အဖွဲ့က ပြောဆိုခဲ့တာပါ။ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေရဲ့ ခရီးစဉ်မတိုင်ခင် သောကြာနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မေခက အပြည့်အစုံကို ပြောပြပေးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ တကျော့ပြန်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တုန့်ပြန်ဆောင်ရွက်မှုတွေဟာ အားရကျေနပ်စရာ မရှိတဲ့အတွက် ကုလသမဂ္ဂ တာဝန်ရှိသူတွေ အနေနဲ့ ဒီထက်ပို ကြိုးပမ်းဖို့ လိုအပ်ကြောင်း HRW အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ Kenneth Roth က တိုက်တွန်းလိုက်တာပါ။
"အခုလိုမျိုးဒါနဲ့ပတ်သတ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကဖြေရှင်းခြင်းမရှိလာလို့ ဘာဖြစ်လာလဲဆိုတော့ မြန်မာအစိုးရအနေနဲ့လူသတ်မှုနဲ့ပြစ်ဒဏ် မခံစားရသလို ဖြစ်လာတယ်။ ပြစ်ဒဏ်မခံရဘဲဖြစ်နေရင် ပြစ်ဒဏ်ခံရသူတွေက တရားမမျှတရာရောက်သလို ဒါတွေက ဆက်လက်ဖြစ်နေဦးမှာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီကဘာမှမလုပ်တာကို အင်မတန်စိတ်ပျက်လျက်ရှိပါတယ်။ကျနော်တို့အနေနဲ့ ရိုဟင်ဂျာမှာကျူးလွန်ခဲ့တာတွေအတွက် နိုင်ငံတကာခုံရုံးတင် ဖို့၊ ပြီးရင် တချို့သူတွေကို စီးပွားရေးပိတ်ဆို့မှုနဲ့ လက်နက်တင်သွင်းတာပိတ်ဖို့ ကျနော်တို့လိုချင်ပါတယ်။"
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်က ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူေ ဆာင်ရွက်တာမျိုး မရှိခဲ့သလို၊ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံ အနေနဲ့ ပျက်ကွက်မှုတွေ ရှိခဲ့ကြောင်းလည်း သူက ဝေဖန်ခဲ့ပါတယ်။
မြန်မာအစိုးရဘက်အနေနဲ့ ရိုဟင်ဂျာတွေ ကို ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးအောင်ဖိအားတွေပေးခဲ့တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ကာ အဓမ္မပြုကျင့် တာ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ မြန်မာအစိုးရဘက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ စုံစမ်းစစ်ဆေးမှုကိုခံဖို့ကို လည်းတိုက်တွန်းသွားပါသေးတယ်။ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးဖို့ကိုလည်း တိုက်တွန်းသွားတဲ့အပြင် ရခိုင်ပြည်နယ် တွင်း မှာလွတ်လပ်စွာသွားခွင့် ပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ပြန်လည်လက်ခံဖို့ဆောင်ရွက်နေတာမှာလည်း မလိုလားအပ်တဲ့ စစ်ဆေးမှုတွေရှိနေတာက ပြန်လာစေဖို့ နှောင့်နှေးစေတဲ့အပြင် ပြန်လာနိုင်ဖို့ လုပ်ဆောင်တာမှာလည်း ရိုဟင်ဂျာတွေ အတွက် တန်းတူအခွင့်အရေးနဲ့လုံခြုံမှုမပေးနိုင်တာတွေကြောင့် ကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့မစ္စတာ Kenneth Roth ကဆိုပါတယ်။
HRW က အချက်အလက်ရှာဖွေရေး အဖွဲ့က Richard Weir ကတော့ ရခိုင်ပြည်ပဋိ ပက္ခအတွင်းမှာ မြန်မာအစိုးရဘက်က လူ့အခွင့်အရေးချိုးဖောက်နေမှုတွေနဲ့ပတ်သတ်လို့ဘင်္ဂလားဒေရှ်ရောက်နေတဲ့ ရိုဟင်ဂျာတွေဆီကို သွားရောက်မေးမြန်း ပြီး ပြုစုထားပြီး ဖြစ်တာကြောင့် မြန်မာအစိုးရဘက်က ကျူးလွန်မှုတွေကို ရှောင်ရှားနေတာမျိုးမလုပ်သင့်ဘူးလို့ဝေဖန်လိုက်ပါတယ်။
ဘယ်လောက်ထိ ပြစ်မှုကျုးလွန်ခဲ့သလဲ၊ ကျူုးလွန်ခဲ့တဲ့ ပြစ်မှု အရေအတွက် ဆိုတာနဲ့ပတ်သတ်လို့ ဗွီအိုအေကမေးမြန်းတဲ့အခါ Richard Weir က
"ကျနော်တို့က နေရာအားလုံးကို သွားရောက်ခွင့် မရသေးပါဘူး။ဖြစ်ပျက်ခဲ့သမျှ အခွင့်အရေးကျူးလွန်ချိုးဖောက်မှုတွေကိုလည်းမသိခဲ့ရပါဘူး။ ဒါက မြန်မာအစိုးရက ဖြစ်ပျက်ခဲ့သမျှကို ကမ္ဘာက မသိစေချင်လို့ပါ ။"
မြန်မာအစိုးရဘက်ကတော့ အခုအချိန်အထိ Human Rights Watch အပါအဝင် နိုင်ငံတကာဘက်က စွပ်စွဲနေမှုတွေကို ငြင်းဆန်ထားပြီး ရိုဟင်ဂျာတွေ ကိုဘင်္ဂလားဒေရှ် ဘက်ကို ထွက်ပြေးအောင်ဖိအားတွေပေးခဲ့တာတွေမရှိခဲ့သလို စွပ်စွဲနေသလို အဓမ္မပြုကျင့်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ မရှိခဲ့ဘူးလို့ငြင်းဆန်ထားဆဲပါ။
ရခိုင်ဒေသတွင်းမှာ စောင့်ကြည့်လေ့လာဖို့ လုပ်ဆောင်နေတဲ့ Human Rights Watch အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ နဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို လျစ်လျူရှုထားတယ်လို့ အစိုးရဘက်က ဝေဖန်ထားတာတွေရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ပတ်သတ်လို့ Human Rights Watch ရဲ့စောင့်ကြည့်နေမှုကို ဗွီအိုအေက မေးမြန်းတာမှာ မစ္စတာ Kenneth Roth က
"ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရသူအားလုံးကို ကျနော်တို့အာရုံစိုက်ပါတယ်။ ကျနော်တို့အဓိကပြောချင်တာ အချက်အလက်ရှာဖွေရေးအဖွဲ့ ကိုဖွင့်ပေးလိုက်ပါ။ ပြီးရင် အထူးကိုယ်စားလှယ်ကိုလဲဖွင့်ပေးပါ။ ချိုးဖောက်ခံရသူအားလုံး ဘယ်သူ့ကိုမဆို ပြောခွင့်ပေးပါ။ ဘယ်သူကတာဝန်တွေရှိသလဲဆိုတာက တော့ ကျူးလွန်သူတွေ အမြောက်အမြားရှိခဲ့တာပါ၊ ရခိုင်လူထုထဲက လူတချို့လည်းပါပါတယ်။ နောက်ပြီး အဓိကတာဝန်ရှိတာက မြန်မာ့တပ်မတော် ဘဲဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကပါလို့ အခုလိုဖြစ်လာတာပါ။"
မြန်မာစစ်တပ်နဲ့ အစိုးရတာဝန်ရှိသူတွေ ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆန်ထားသလို၊ မြန်မာစစ်တပ် အရာရှိတချို့ အပါအ၀င် ကျုးလွန်သူတွေကို အပြစ်ပေး အရေးယူတာတွေရှိကြောင်း တုံ့ပြန်ထားကြပါတယ်။
No comments:
Post a Comment