Wednesday, September 7, 2016

စစ်ကိုင်းမြို့ အဝင်တိုးဂိတ်တွင် စူပါကာစတန်ယာဉ်ပေါ်မှ ပိတောက်သားများ ဖမ်းဆီးရမိ

စစ်ကိုင်းမြို့အ၀င် တိုးဂိတ်တွင် ဒုတပ်ကြပ်တစ်ဦး လိုက်ပါလာသည့် စူပါကာစတန်ယာဉ်ပေါ်မှ ပိတောက်သားများကို စစ်ဆေးဖမ်းဆီးရာ ဒုတပ်ကြပ်က သစ်တောဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်တို့အား ထိုးကြိတ်မှုဖြစ်ပွား

တရားမ၀င် ပိတောက်ဓားရွေးတုံးများ သယ်ဆောင်လာသည့် ယာဉ်ကို တွေ့ရစဉ်

စစ်ကိုင်းမြို့အ၀င် ရွှေတောင်တိုးဂိတ်အနီးတွင် ဒုတပ်ကြပ်တစ်ဦး လိုက်ပါလာသည့် စူပါကာစတန်ကားပေါ်မှ တရားမ၀င် ပိတောက်ဓားရွေးတုံးများကို စစ်ဆေးဖမ်းဆီးရာ အဆိုပါ ဒုတပ်ကြပ်က သစ်တောဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်တို့အား လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်၍ ထွက်ပြေးခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်း-မုံရွာ-ရွှေဘို ကားလမ်း တစ်လျှောက်တွင် သစ်တောဝန်ထမ်းများ အဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တရားမ၀င်သစ်များ ရှာဖွေဖမ်းဆီးခြင်း ဆောင်ရွက်စဉ် ယင်းမာပင်မြို့နယ် ဂွေးချောင်းကျေးရွာမှ မောင်းနှင်လာသော 8J/7845 (Super Custom) မီးခိုးရောင်ကားအား သတင်းအရ စစ်ကိုင်းမြို့အ၀င် ရွှေတောင်တိုးဂိတ် အနီးတွင် ရပ်တန့်စစ်ဆေးရာ ယာဉ်ထဲတွင် မီးသွေးအိတ်များဖြင့် ဖုံးအုပ်၍ တင်ဆောင်လာသော တရားမ၀င် ပိတောက်ဓားရွေးတုံးများ စစ်ဆေးတွေ့ရှိသဖြင့် အဆိုပါ ယာဉ်အား မြို့နယ်သစ်တောရုံးသို့ ခေါ်ဆောင် မောင်းနှင်ပြီး ရောက်ရှိစဉ် ဒုတပ်ကြပ်သန်းမိုး၊ ထပရ-၉၂၉၊ မော်တော်ယာဉ်ဌာန၊ မုံရွာတပ်နယ်ဆိုသူမှ သစ်တောဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်တို့အား ထိုးကြိတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးမှုကြောင့် မြို့နယ် နယ်ထိန်းတပ်ဖွဲ့၊ စရဖအဖွဲ့တို့နှင့် ပူးပေါင်းအားဖြည့်ကာ လိုက်လံရှာဖွေရာမှ ခုတင် ၂၀၀ ဆံ့ ဆေးရုံဝင်းအတွင်း ပြန်လည်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စူပါကာစတန်ယာဉ်တွင် ပိတောက်ဓားရွေးကိုးတုံး (၀ ဒသမ ၉၆၉၂) တန်နှင့် တရားမ၀င် ၄၅ ပေါင်ဝင် မီးသွေးအိတ် ၃၉ အိတ် စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ သယ်ဆောင်မောင်းနှင်လာသည့် ယာဉ်မောင်း ဦးဇော်ချွန် (ဘ) ဦးသာခင်နှင့် ယာဉ်ပေါ်ပါ ဒုတပ်ကြပ်သန်းမိုး၊ ထပရ-၉၂၉၊ မော်တော် ယာဉ်ဌာန၊ မုံရွာတပ်နယ်တို့အား ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁)၊ သစ်တောဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင်အား ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ဒုတကသန်းမိုးအား ဥပဒေအရ အရေးယူနိုင်ရန် စစ်ကိုင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ဒုတကသန်းမိုးအား တပ်မတော် စစ်စည်းကမ်းနှင့် အရေးယူနိုင်ရန် အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာတပ်နယ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းမြို့အ၀င် တိုးဂိတ်တွင် ယင်းနေ့ နံနက်ပိုင်းက မန္တလေး-မြစ်ကြီးနား ပြေးဆွဲသည့် ဗန်းမော်မန်း မှန်လုံယာဉ်ပေါ်မှ ကျွန်းတံခါးချပ်ဆိုက်စုံ ၃၀၅ ချပ် (၃ ဒသမ ၃၄၀၄) တန် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။

 

Writer: 

မင်းသန့်

No comments:

Post a Comment