မျက်ရည်စီးသောမြစ်ကြောင်းထဲက တစ်နေ့တာ လူမှုကူညီရေး ပရဟိတ လုပ်ငန်းများ ...
မုံရွာ၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်ရှိ ချင်းတွင်းမြစ်ဘေး မြို့နယ်များတွင် အောက်တိုဘာ ၁၇ ရက်မနက် မိုးလင်းသည်မှစတင်၍ မြစ်ကြောင်းအတွင်းစီးမျှောလာသော ရုပ်အလောင်းများကို လူသားချင်းစာနာစွာဖြင့် ကောင်းမွန်စွာ ဆယ်ယူပေးပြီးနောက် သေဆုံးသူ၏ မိသားစုဝင်များ လွယ်လင့်တကူ ရွေးချယ် သဂြိုလ်နိုင်ရန် လူမှုကူညီရေး အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ရုပ်အလောင်းများသည် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်က ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ခုတ်မောင်းပြေးဆွဲလာသည့် ခရီးသည်တင် အမြန်ရေယာဉ် တစ်စီး တိမ်းမှောက်နစ်မြုတ်ရာတွင် စီးနင်းလိုက်ပါကြသော ခရီးသည်များ၏ ရုပ်အလောင်းများဖြစ်ကြသည်။
ရေယာဉ်တိမ်းမှောက်သည့်နေ့ရက်က ကနီမြို့နယ်၊ ကင်းကျေးရွာနှင့် မိကျောင်းတွင်းကျေူးရွာအကြား ဆယ်ယူနိုင်ခဲ့သည့် ရုပ်အလောင်း(၄)လောင်း၊ ယနေ့မနက်တွင် ကနီမြို့ ဖောင်ဆိပ်ကမ်းအနီးနေရာတွင် ဆယ်ယူထားသည့် ရုပ်အလောင်း(၁၁)လောင်း၊ မုံရွာမြို့နယ်တွင် ဆယ်ယူရရှိသည့် ရုပ်အလောင်း(၅)လောင်း၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာအနီးတွင် ဆယ်ယူရရှိသည့် ရုပ်အလောင်း(၉)လောင်းနှင့် ပတ်သက်၍ ခရီးသွားသေဆုံးသူများ၏ မိသားစုများမှ အချိန်မီလာရောက်ကြသော်လည်း အချို့သော ရုပ်အလောင်းများမှာ ကိုင်တွယ်ရန်ပင် ခက်ခဲနေတော့သည်။ ထို့ကြောင့် နီးစပ်ရာသုသန်များတွင် အာဂန္တုအသုဘအဖြစ် သဂြိုလ်လိုက်ကြရသည်။
အဆိုပါ ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားခဲ့ကြသော ခရီးသည်များအနက် အသက်ရှင်လျက် ကယ်ဆယ်နိုင်လိုက်သူများ စာရင်းတွင် ပါဝင်ခြင်းမရှိသော မိသားစုများမှာ ရုပ်အလောင်းများ ပေါ်ရာအရပ်ဒေသများသို့ ကူးလူးခေါက်ပြန်သွားလာနေကြရသည်။ အဆိုပါ ရုပ်အလောင်းများမှာ သီတင်းကျွတ်ရာသီမှာ နေရပ်ပြန်၍ မိဘဆရာများအား ကန်တော့ရန်ရည်ရွယ်လျက် စီးနင်းလိုက်ပါခဲ့ကြသည့် ခရီးသည်များ၏ ရုပ်အလောင်းများဖြစ်ကြသည်။ ထို့ကြောင့် ကျန်ရစ်သူ မိသားစုများသည်
မဆည်နိုင်တော့သည့် မျက်ရည်များမှာ အောက်တိုဘာ ၁၇ ရက်အဖို့ ချင်းတွင်းမြစ်အတွင်းသို့ စီးဆင်းသွားသည်ကို မြင်တွေ့ရတော့သည်။
ထိုသို့သော အသက်ပေါင်းများစွာ သေကြေ၍ ပစ္စည်းဥစ္စာပေါင်းများစွာ ဆုံးရှုံးရခြင်းသည် တာဝန်ရှိသူများ တာဝန်မဲ့မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များသာလျင်ဖြစ်ကြောင်း တင်ပြလိုက်ရတော့သည်။
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
No comments:
Post a Comment