Monday, October 17, 2016

အောင်စိုးမိုးကျော်ရေယာဉ်နစ်မြုပ်မှုအရေး လွှတ်တော်တင်မည်

(ပုံစာ- အောင်စိုးမိုးကျော်ရေယာဉ်အား ဆယ်တင်နိုင်ရေး ဆောင်ရွက်နေပုံ) ဓာတ်ပုံ- Myanmar Fire Services Departmentအောင်စိုးမိုးကျော် ၂ ရေယာဉ်နစ်မြုပ်မှုအရေးကို လွှတ်တော်တွင် တင်သွင်းရန် စီစဉ်နေကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးရွှင်ဌေးက ပြောသည်။

ရေယာဉ်နစ်မြုပ်မှုမှ အသက်ရှင်လျက် လွတ်မြောက်လာသူများ၏ ခံစားချက်များ၊ အတွေ့အကြုံများကို စုစည်းပြီး လွှတ်တော်တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ခရီးသည်တွေရဲ့ ခံစားချက်ကို ရေးပေးပါဆိုပြီး လျှောက်လွှာလိုပုံစံနဲ့ တစ်ဦးစီ ပေးပြီးတော့ အဲဒါတွေကို လက်ခံထားပြီး အဲဒီအချက်အလက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်။ ခရီးသည်တွေရဲ့ စိတ်ခံစားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဟာတွေကို စုစည်းထားပါတယ်”ဟု ၎င်းက ပြောသည်။

ယခုအချိန်အထိ မော်တော်ရေယာဉ်ပေါ်တွင် ပါရှိသည့် ဦးရေအတိအကျကို မသိရှိရသေးဘဲ လက်ရှိအချိန်အထိ ၁၅၅ဦး အသက်ရှင်ကျန်ရစ်ခဲ့ကာ ပျောက်ဆုံးစာရင်းကောက်ယူဆဲဖြစ်ကြောင်း ရေယာဉ်နစ်မြုပ်ရာနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်က ပြောသည်။

“ဒီနေ့ဖော်နေတဲ့ အခြေအနေမှာ မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေက ထွက်လာသမျှကို ဆယ်ဖို့ လုပ်နေကြပါတယ်။ အောက်ဖက်မှာ ကျွံသွားလို့ ကနီဘက်မှာ ထပ်ဆယ်လို့ရတာက ၁၁လောင်း၊ ကလေးအလောင်း ၁ လောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမှ မုံရွာသို့ ထွက်ခွာလာသည့် ချင်းတွင်းမြစ်တွင်းသွား အေးငြိမ်းချမ်းသာအမြန်မော်တော်ရေ ယာဉ်လိုင်းမှ အောင်စိုးမိုးကျော် ရေယာဉ် ၂ သည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ကင်းကျေးရွာ အုပ်စု မိကျောင်းတွင်းကျေးရွာအနီး၌ ကျောက်ဆောင်ဖြင့် တိုက်မိပြီး တိမ်းမှောက်ခဲ့သည်။

သဇင်လှိုင်

SKY Land News & Entertainment Media

No comments:

Post a Comment