Thursday, December 15, 2016

သံတွဲမြို့ တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်အား ၆၁ နှစ်အရွယ် အဘိုးအိုက အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် ပါးစပ်ပိတ်ထားရာမှ သေဆုံးမှုဖြစ်ပွား

ပြစ်မှုကျူးလွန်ခဲ့သည့် ဦးဟန်မောင်အား သံတွဲမြို့မရဲစခန်တွင် ဖမ်းဆီးစစ်ဆေးနေစဉ် ( ဓာတ်ပုံ- မြင့်မိုး)

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပဒဲကောအုပ်စု မြုံချောင်ကျေးရွာ စာနီတောင်တွင် အသက်ငါးနှစ်အရွယ် ကလေးငယ်အား အိမ်နီးချင်း အသက် ၆၁ နှစ်အရွယ် အဘိုးအိုက အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် နာကျင်သဖြင့် အော်ဟစ်ရာ ပါးစပ်ပိတ်ပြီး လည်ပင်းညစ်ထားစဉ် သေဆုံးမှုတစ်ရပ် ဒီဇင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မ . . . . (ခ) မ . . . . ၊ အသက် ငါးနှစ်သည် ညနေ ၅ နာရီခန့်တွင် အိမ်မှ ထွက်သွားပြီး ကစားနေစဉ် မနီးမဝေးမှ ဦးဟန်မောင် (ချင်းအမျိုးသား/ဗုဒ္ဓဘာသာ ကိုးကွယ်)၊ အသက် ၆၁ နှစ်၊ အရပ်အနှိပ်သည်၏ နေအိမ်ရှေ့ မန်ကျည်းပင်အောက်သို့ ရောက်ရှိလာခဲ့ရာမှ ကလေးငယ်အား မိဘများ မသိခိုက် ညနေ ၅ နာရီခန့်တွင် “ဖိုးဖိုး ကိုချစ်လား၊ ချစ်ရင် မုန့်ကျွေးမယ်” ဟု ပြောကာ အိမ်ထဲသို့ ခေါ်ယူပြီး သားမယားပြုကျင့်ရန် ကြိုးစားရာ ကလေးငယ်မှာ နာကျင်သဖြင့် အော်ဟစ်စဉ် ပါးစပ်ပိတ်ထားခြင်း၊ လည်ပင်းညှစ်ခြင်းများကို ပြုလုပ်ခဲ့သည့်အတွက် ကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းသို့ သေဆုံးခဲ့သည့်အတွက် ကလေးငယ်အား ခြင်ထောင်ဖြင့် ဖုံးအုပ်ကာထားခဲ့ပြီးနောက် ညတွင်းချင်း ထွက်ပြေးသွားခဲ့ကြောင်း၊ ကလေးမလေး မိဘများက လိုက်လံရှာဖွေခဲ့ကြောင်း၊ ယင်းနောက် ကလေး၏ အလောင်းအား ၎င်းအိမ်ပေါ်မှ ပက်လက်အနေအထားဖြင့် ဘောင်းဘီကို ဆုတ်ဖြဲထားကာ လည်ပင်းတွင် ညိုမည်းဒဏ်ရာ ခေါင်းနောက်စေ့ ဆောင့်ထားသော ဒဏ်ရာဖြင့် ဦးဟန်မောင်၏ နေအိမ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဦးဟန်မောင်အား ဒီဇင်ဘာ ၁၄ ရက် နံနက် ၄ နာရီခန့်တွင် တောင်ကုတ်-သံတွဲ ကားလမ်းပေါ် ကွေ့ချောင်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကလေးမလေးက ၅ နာရီလောက်က သူ့အမေဆီကို ရောက်လာတယ်။ ထမင်းကျက်ပြီလား မေးတယ်။ သူ့အမေက မကျက်သေးဘူးလို့ ပြောလိုက်တော့ အိမ်ပြင်ထွက်သွားတယ်။ သူ့အမေကလည်း ခေါင်းရင်းအိမ်မှာ တီဗွီကြည့်နေတယ်။ ဒီလိုနဲ့ ၇ နာရီထိုးလို့ သမီးကို မတွေ့တော့ လိုက်ရှာကြတယ်။ အဲဒီမှာ အလောင်းကို အိမ်ပေါ်မှာတွေ့တယ်။ မုဒိမ်းမှု ကျူးလွန်တယ်၊ မလွန်ဘူးဆိုတာတော့ စစ်ဆေးနေတုန်း ရှိသေးတဲ့အတွက် လောလောဆယ်တော့ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်၊ မုဒိမ်းမှုမြောက်တယ်လို့ ထင်ရှားရင် ထပ်မံပြီး အမှုတိုးရမှာပေါ့။ အခုလောလောဆယ်တော့ စစ်ဆေးတုန်းပါ”ဟု သံတွဲမြို့နယ် ရဲရုံးမှ တာဝန်ကျ ရဲတပ်သားတစ်ဦးက ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး အလောင်းအား သံတွဲဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်းနှင့် ဦးဟန်မောင်အား သံတွဲမြို့မရဲစခန်းမှ (ပ) ၆၇၇/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ စိစစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

Writer: 

သန်းလှိုင်

No comments:

Post a Comment