The Farmer ဂျာနယ် မန္တလေးတာဝန်ခံ ကိုကျော်သူရမျိုးအား မန္တလေးပြည်သူ့ဆေးရုံကြီး၌ တွေ့ရစဉ်
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၁ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားတွင် ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက လူလေးဦး၏ ၀ိုင်းဝန်းရိုက်နှက်မှု ခံခဲ့ရသည်ဟု The Farmer ဂျာနယ် မန္တလေးတာဝန်ခံက ပြောကြားခဲ့ပြီး ၎င်းမှာ ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည်။
အဆိုပါဖြစ်စဉ်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ The Farmer ဂျာနယ် မန္တလေးတာဝန်ခံ ကိုကျော်သူရမျိုးက “ ကျွန်တော် ဆိုင်ကယ်စီးလာတုန်း ဖြတ်ရိုက်ခံလိုက်ရတာ သိလိုက်ပြီး နှုတ်ခမ်းထိသလား၊ ပါးကို ထိသလား မပြောတတ်ဘူး။ အဲဒီမှာ သတိနည်းနည်း လွတ်သွားသေးတယ်။ ပြီးတော့ ကျွန်တော့်ကို လူလေးယောက် ထွက်လာပြီး ၀ိုင်းရိုက်ကြတယ်။ ဆိုင်ကယ်ဦးထုပ် ခံနေလို့ တော်သေးတာပါ။ အဲဒီမှာ ကျွန်တော်က ကယ်ကြပါလို့အော်တော့ သူတို့က ဒီလောက်ဆို တော်ပြီဆိုပြီး ထွက်သွားတယ်။ အဲဒီမှာ မှတ်မိတာက သုံးယောက်က Swif လား၊ Fit လား မသိဘူး။ ကားအဖြူလေးပေါ် တက်လိုက်သွားပြီး တစ်ယောက်က ဆိုင်ကယ်နဲ့ ထွက်သွားတယ်။ ကျွန်တော့်ကို ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ မစဉ်းစားတတ်ပါဘူး။ ကျွန်တော်တို့ရေးတဲ့ သတင်းတွေဆိုတာ ပြဿ နာ သိပ်မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်း မူဆယ်ဘက်ကုန်စည်ဈေးကွက် အခြေအနေတွေတော့ ရေးဖြစ်တယ်”ဟု ဆိုသည်။
ကိုကျော်သူရမျိုးမှာ သတင်းထောက်လုပ်သက် ရှစ်နှစ်ကျော်ရှိပြီဖြစ်ပြီး The Farmer ဂျာနယ်တွင် လုပ်သက် လေးနှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ The Farmer ဂျာနယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဖော်ပြသော ဂျာနယ်ဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာ အခြေအနေတွေကို တီဗွီစကင်ဖတ်တဲ့ အဖြေအရ စိုးရိမ်စရာမရှိဘူးလို့ပဲ သိရပါတယ်။ နှုတ်ခမ်းဖူးရောင်၊ ယာပါးဖူးရောင်နဲ့ နဖူးဒဏ်ရာတွေပဲလို့ သိရပါတယ်” ဟု ၎င်း၏ အမျိုးသမီးဖြစ်သူက ပြောကြားသည်။
Writer:
မင်းသန့်
No comments:
Post a Comment