Sunday, January 22, 2017

ရန်ကုန်သို့ ဘုရားဖူးလာသော Light Truck ယာဉ်တစ်စီး ဘီးပေါက်ပြီး တိမ်းမှောက် လူ ၁၂ဦး ဒဏ်ရာရ


ရန်ကုန် မန္တလေး အမြန်လမ်းတွင် ရန်ကုန်သို့ ဘုရားဖူးလာသော Light Truck ယာဉ်တစ်စီး ဘီးပေါက်ပြီး တိမ်းမှောက်ကာ လူ ၁၂ဦး ဒဏ်ရာများရရှိခဲ့ကြောင်း အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်း ထံက သိရသည်။

ဇန်နဝါရီလ ၂၂ရက်နေ့ နံနက် ၇နာရီ ၄၀မိနစ်အချိန်က ဒိုက်ဦးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆၈/၆ နှင့် ၆၈/၇ အကြား၌ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ဘုရားဖူးရန် ထွက်ခွါလာသည့် ယာဉ်မောင်း ဇော်ဝမ်း မောင်းနှင်လာသော ယာဉ်အမှတ် 3M/6249 Light Truck မီးခိုးရောင် မော်တော်ယာဉ်သည် ဝဲဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်တွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ ကျား ၈ဦး မ ၁၂ဦး အနက် ကျား ၃ဦး မ ၉ဦး စုစုပေါင်း ၁၂ဦး မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့သည်။


ယာဉ်တိမ်းမှောက်မှုကြောင့် Light Truck ယာဉ်မှာ ရှေ့လေကာမှန်ကွဲ ဝဲဘက်နောက်ဘီးပေါက် အမိုးပိန့်ချိုင့် ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် ၅သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှု သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ် ဇော်လင်းထွန်း ပါ တပ်ဖွဲ့ဝင် ၁၅ဦး မီးသတ်တပ်ဖွဲ့ အမြန်လမ်းမှ လက်ထောက်ဦးစီးမှူး ကျော်ဇင်ဝင်း ပါ ၅ဦး တို့က အခင်းဖြစ်နေရာသို့ရောက်ရှိစစ်ဆေးကာ ကူညီပေးခဲ့ကြသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း ဇော်ဝမ်း အား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီး ရဲစခန်း ယာဉ် ပ ၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

No comments:

Post a Comment