ဖားကန့် ဇန်နဝါရီ ၂၁
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာ ဧရာရတနာကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အနီး၌ ယမန်နေ့ နံနက် ၃ နာရီက ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ဘက်ဟိုးယာဉ်ကုတ်မိ၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖားကန့်မြို့မရဲစခန်းမှ ဒုတိယ ရဲအုပ် ထွန်းထွန်းလင်းသည် တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် ဖားကန့်မြို့ နယ် ရှရော်ခ ကျေးရွာဧရာရတနာကျောက်မျက် တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အနီးတွင် ရေမဆေးကျောက် ရှာဖွေသူတစ်ဦး ဘက်ဟိုးကုတ်မိ၍ သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ ဦးမန်ခွဲ ၄၂ နှစ် ရှရော်ခကျေးရွာ ဖားကန့်မြို့နယ်နေသူဖြစ်ပြီး ယာဘက်ခြေ သလုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် လက်အရိုးကျိုးကြေဒဏ်ရာ၊ ဝဲဘက်ခါးပွန်းပဲ့ ဒဏ်ရာ၊ယာဘက်လက်ဝါးပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းဝဲ ဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ကျောပွန်းပဲ့ ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ တွင် သေဆုံးနေ သည်ကို တွေ့ရှိရသည်။
စုံစမ်းမေးမြန်းချက်အရ ဧရာကျောက်မျက် တူးဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်း ယာဉ်မောင်းစိုးမြင့် အေးမြသာယာ ကျေးရွာအုပ်စု ဆိုင်းဂျာဘွမ်ကျေးရွာ ဖားကန့်မြို့နယ်နေသူ မောင်းနှင်သောVOLVO အမျိုးအစား ဘက်ဟိုးယာဉ်သည် စွန့်ပစ် မြေစာများအား မြေသယ်ကားများထံတင်ပေးပြီး ထပ်မံကော်ယူလိုက်စဉ် နောက်တွင်ရောက်နေသော ရေမဆေး ကျောက်ရှာဖွေသူ ဦးမန်ခွဲကို ဂေါ်ဖြင့်ကုတ်မိသောကြောင့် ဒဏ်ရာများရရှိသေဆုံး ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဘက်ဟိုးယာဉ် မောင်းနှင်သူ စိုးမြင့် ၂၆ နှစ်ကို ဖားကန့်မြို့မရဲစခန်းက (ပ)၂/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄ အရ အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဖိုးကျော်(အညာသား)
မြ၀တီ
No comments:
Post a Comment