Posted: February 17, 2018
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရားရုံးတွင် သက်သေခံရန် အကြောင်းမဲ့ ပျက်ကွက်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ လုပ်ထုံးလုပ်နည်းနှင့် အညီ အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးဘိုကြီးက ချောက်မဲဆန္ဒနယ်၏ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားရုံးများသို့ တရားစွဲဆိုတင်ပို့သည့် အမှုများတွင် အထက်အဆင့်ဆင့်က ကြပ်မတ်ပေးရန်နှင့် ခေတ်နှင့် လျော်ညီသည့် သမ္မန်စာဆင့်ဆိုနည်း ကို သုတေသနပြုရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားစဉ် ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တရားရုံးများမှ ထုတ်ဆင့်သည့် သမ္မန်စာများကို သက်သေများထံ ရုံးချိန်းအမီ ဆင့်ဆိုနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် တရားရုံးတွင် သက်သေခံရန် အကြောင်းမဲ့ ပျက်ကွက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ လုပ်ထုံးလုပ်နည်းနှင့်
အညီ အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ ရာဇဝတ်ကျင့်ထုံး ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ စီမံခန့်ခွဲသည့် ဥပဒေဖြစ်သည့်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပါ သမ္မန်စာချအပ်သည့် နည်းလမ်းကို ခေတ်နှင့်လျော်ညီအောင် သုတေသနပြု၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းခြင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်းနှင့် သက်ဆိုင်ရာဌာန များမှ ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြား ခဲ့သည်။
Photo - တရားရုံးထုတ်မြင်ကွင်းတစ်ခု
The Ladies News
No comments:
Post a Comment