Wednesday, February 21, 2018

သက်ငယ်မုဒိမ်းမှုများနဲ့ ထကြွလာတဲ့ မြန်မာပြည် || 

ထွန်းအောင်ကျော် (၇၄ မျိုးဆက်) ||

Posted: February 21, 2018

အခုတလော သက်ငယ်မုဒိမ်းမှုများ တခုပြီးတခု ပေါ်လာခဲ့သည်။ ထိုအထဲတွင် မိမိတူမအရင်းကို ဦးလေးဖြစ်သူက ပြုကျင့်မှု၊ မိမိသမီးအရင်းကို အဖေဖြစ်သူ လူမဆန်စွာ ပြုကျင့်မှုတို့ကလည်း အံ့သြတုန်လှုပ်စရာ ကောင်းလောက် အောင် ပါဝင်နေခဲ့ သည်။ ထို့အတူ သူစိမ်းတစ်ရံဆံ တယောက်က အရွယ်မရောက်သေးသည့် ၄-၅ နှစ်အရွယ် ကလေးငယ်များကို မတော်မတရား လူမဆန်စွာ တိရစ္ဆာန်များ သဖွယ် ပြုလုပ်လာကြသည်မှာ ယနေ့မြန်မာနိုင်ငံတွင် များပြားလာခဲ့သည့် ရာဇဝတ် ပြစ်မှုကြီးများထဲမှ တခုဖြစ်သည်။ ၄-၅နှစ် အရွယ် လူမမယ် မိန်းကလေးများကို မဆိုထားနှင့် အရွယ်ရောက်ပြီးသော မိန်းမများကို အလိုမတူဘဲ ပြုကျင့်ပါက ပြင်းထန်သည့် နာကျင်သောဝေဒနာကို ခံစားကြရပေသည်။ ထိုအရွယ်မရောက်သေးသည့် ကလေးငယ်များကို ပြုလုပ်မှုသည် မုဒိမ်းမှုအပြင် ကလေးသူငယ်များ အပေါ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုအပြင် သေရာပါ စိတ်ဒဏ်ရာများ ရစေသည့်အတွက် ပြင်းထန်သော ပြစ်ဒဏ်များကို ချမှတ်ပေးမှသာ တားဆီးနိုင်လိမ့်မည် ဖြစ်သည်။

 

ထို့ပြင် မည်သည့်အတွက်ကြောင့် ထိုသို့ ဖြစ်ပေါ်လာရသည်ဆိုသည့် အကြောင်းရင်းကို လေ့လာဆန်းစစ် သုတေသနပြုပြီး ထိုတွေ့ရှိချက်များမှ နောင်ထိုကဲ့သို့ ရာဇဝတ်မှုများ ဖြစ်လာစေရန် တွန်းအားပေး ရိုက်ခတ်မှုများ ကိုလည်း တရားဥပဒေ ဘောင်ထဲမှ တတ်နိုင်သမျှ ကာကွယ်တားဆီး ပေးဖို့လည်း လိုအပ်ပေသည်။ ထိုသို့ လေ့လာသောအခါ ပွင့်လင်းလာသော ခေတ်တွင် ပွင့်လင်းလာခြင်းနှင့်အတူ ဖိုမဆက်ဆံရေး တို့သည်လည်း ပွင့်လင်းလာသည်။ ဟိုတယ်များ တည်းခိုခန်းများတွင် စုံတွဲများ တည်းခို ချစ်တင်းနှောနိုင်သည့် အခြေအနေအထိ ပွင့်လင်းလာသည်။ ညအိပ်စရာ မလိုဘဲ အချိန်နာရီ (ဆက်ရှင်) နှင့် ငှားသည့် တည်းခိုခန်းများ မြို့နယ်များအနှံ့ မှိုလိုပေါက်လာခဲ့သည့် နည်းတူ ကာရာအိုကေဆိုင်များ၊ အနှိပ်ခန်းများလည်း ပေါ်ထွက်ထွန်းကား လာခဲ့သည်။ ထိုပွင့်လင်းလာသော ဖိုမဆက်ဆံရေးကြောင့် လိင်စိတ်နိုးကြားမှု မြင့်တက်လာခဲ့ခြင်း သည်လည်း အကြောင်းတရား တခုဖြစ်သည်။ ငွေရှိသူများက ပျော်ပါးနိုင်သော်လည်း ငွေမရှိသည့် သူများက မိမိနီးစပ်ရာကလေးများကို ကျူးလွန်ကုန်တော့သည်။

 

နောက်အချက်တခုမှာ အင်တာနက်ပေါ်လာခြင်းနှင့် လက်ကိုင်ဖုံးများမှနေ၍ အင်တာနက် အက်ပလီကေးရှင်းများကို တက်ကြည့်နိုင်ခြင်း နောက်ဆုံး ပေါ်ပြူလာဖြစ်နေသည့် လူတိုင်းအသုံး အများဆုံး ဖြစ်သည့် ဖေ့ဘွတ်ခ်ကို သုံးစွဲပြီး သတင်းများကို ဖလှယ်ကြသည့်အခါ ဓာတ်ပုံမျိုးစုံ၊ ဗီဒီယိုမျိုးစုံတို့ကိုပါ ကြည့်ရှုနိုင်၊ မျှဝေခံစားနိုင် လာကြသည်။ ထို့ကြောင့် သတင်းပြန့်ပွားမှု မြန်ဆန်သလို သတင်းကောင်း သတင်းမှန်များအပြင် အတင်းအဖျင်း သတင်းမှားများ ဝါဒဖြန့်သတင်းများ အညှီအဟောက် သတင်းဓာတ်ပုံများ၊ ဗီဒီယိုများတို့သည်လည်း ဒီရေအလား တိုးပွားလာခဲ့ရသည်။

 

ထိုလိင်စိတ်ကြွစေသော ဓာတ်ပုံများ၊ ဗီဒီယိုများ၊ လိင်ဆက်ဆံရေးအပြာ ဇတ်လမ်းများ၊ ညစ်ညမ်းစာပေများ သည်လည်း အင်တာနက်တွင် ပျံ့နှံ့၍လာခဲ့ခြင်းသည်လည်း သွေးဆူလွယ်သော မြန်မာလူမျိုးတို့အတွက် မုံယိုနေသော ဆင်များကဲ့သို့ ဆင်ခြင်တုံတရား နည်းပါးလာပြီး မိမိ၏ထကြွလာသော လိင်စိတ်ကို ဖြေဖျောက်ရန် မိမိနှင့် နီးစပ်သူများကို ပစ်မှတ်အဖြစ် ထားလာခဲ့ကြသည်ဆိုက များစွာဖြစ်နိုင်ခြေရှိသည်။

 

စစ်အစိုးရအဆက်ဆက် တိုင်းပြည်ကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် ဖိနှိပ်ထားခဲ့ရာမှ ရုတ်တရက် ပြောင်းလဲမှုကို ပြုလုပ်၍ ဖွင့်ပေးလိုက်သည့်အခါ မိုးတဖွဲဖွဲရွာနေရာမှ တဖြည်းဖြည်း မိုးသည်း လာသကဲ့သို့ မဟုတ်ဘဲ မိုးခေါင်ရပ်ဝန်းအဖြစ်မှ ရုတ်တရက် ရေတံခွန်မှ ရေများ အလုံးလိုက် ကျလာသကဲ့သို့ ဖြစ်သွား သည့်အခါ လူများမထိန်းနိုင် မသိမ်းနိုင် မွန်းကျပ်ကုန်ကြ၊ နစ်မွန်းကုန်ကြသည်ဟု မြင်သည်။ လွတ်လပ်မှုမရှိသည့်ဘဝမှ လွတ်လပ်လာသည့်အခါ ထိုလွတ်လပ်ရေးကို တန်ဖိုးရှိရှိ သုံးစွဲရမှန်းမသိဘဲ စိတ်ထင်ရာ လုပ်သည့်သဘော ကျရောက် သွားခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဂျပန်က လွတ်လပ်ရေးပေးသည် ဆိုသည့်အခါ ဆေးရိုးသည်က လမ်းမပေါ် ထွက်၍ လွတ်လပ်ပြီ ဟုဆိုကာ ဆေးရိုးကို လမ်းမပေါ် ထွက်လှန်းသလို ဖြစ်ကုန်သည်။

 

လိင်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို ရုတ်တရက် ကျင့်သားမရှိသေးသည့် လူ့ပတ်ဝန်းကျင်တွင် ရရှိလာပြီး လှုံ့ဆော်မှုများ ကလည်း နည်းမျိုးစုံနှင့် ပေါ်ပေါက်လာသည့်အခါ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း ကျင့်သား မရသေးသည့် အတွက် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ပြစ်မှုများ ဖြစ်လာခဲ့သည်။ တိရစ္ဆာန်များတွင် အထီးများက အမများထက် လိင်ကိစ္စတွင် တက်ကြွသည် ဦးဆောင်သည်။ မိတ်လိုက်ချိန်တွင် အထီးများက အမများနောက်သို့ စုပြုံလိုက်ကြသည်၊ အင်အားကြီးသူက အမကို အင်အားဖြင့် ရယူကြသည်။ လူသားတို့သည်လည်း တိရစ္ဆာန်မျိုးနွယ်စုဝင်များပင် ဖြစ်သည်။ သို့ရာတွင် လူတွင် အသိဉာဏ်ရှိသဖြင့် ထိုသို့မဖြစ်ရန် တရားဥပဒေများ ပြဋ္ဌာန်းပေးခြင်းဖြင့် ထိန်းကြောင်းပေးသည်။ ထိုဥပဒေကို ချိုးဖောက်ပါက သတ်မှတ်ထားသည့် အမှုကြီး/ငယ်အလိုက် ပြစ်ဒဏ်ချခြင်းခံရသည်။ အပြင်းထန်ဆုံး ပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။ တိရစ္ဆာန်များတွင်မူ အလိုတူတူမတူတူ အင်အားကြီးသူက ပြုကျင့်ကြသည်။ သူတို့တွင် မုဒိမ်းမှုမရှိ၊ ထို့ကြောင့် လက်ရှိမုဒိမ်းကောင်များသည်လည်း တိရစ္ဆာန်များပင် ဖြစ်သည်။

 

အဖော်အချွတ် ဓာတ်ပုံများရိုက်သည့် မော်ဒယ်များလည်း ယနေ့ခေတ်တွင် ပေါ်လာသည်။ ယခင် မဆလခေတ်က မဂ္ဂဇင်းမျက်နှာဖုံးတွင် မသိမသာ ရင်သားပေါ်နေပါက မျက်နှာဖုံးလဲရသည်အထိ ဖြစ်ခဲ့ရသည်ကို နှောင်းလူငယ်များ ကြားပါက ယုံမည်မထင်။ ယခင်က ရေကူးဝတ်စုံ ဝတ်ရိုက်သည်ကိုပင် အမျိုးသား ယဉ်ကျေးမှုနှင့် မအပ်စပ်ဟုဆိုကာ ပိတ်ပင်ခဲ့သည်။ မယ်ဗမာပြိုင်ပွဲများတွင် အမျိုးသမီးများကို ရေကူးဝတ်စုံနှင့်ဝတ်ပြီး ကိုယ်ဟန်ပြသခွင့် မပြုခဲ့သော ခေတ်မှ ရေကူးဝတ်စုံမက တကိုယ်လုံးနီးပါး ချွတ်ပြသည့်အထိ ခွင့်ပြုသည့်ခေတ်ကို ဗြုံးစားကြီး ရောက်လာသည့်အခါ မျက်စိရိုင်းနေသော မောင်မြန်မာ အများစုအတွက် ရှော့ခ်အကြီးအကျယ်ရပေတော့ သည်။ ဥပမာ - ဖော်ချွတ်ပြသည့် ဓာတ်ပုံအရိုက်ခံခဲ့သည့် ဇွန်သဉ္ဇာတို့ကဲ့သော အမျိုးသမီးမော်ဒယ်တို့ကို ၂၀၁၅ ခုနှစ် ( မြို့နယ်တစ်ခု၏) မဲဆွယ်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ငှားရမ်းသုံးပြုပြီး သူမ၏ကိုယ်လုံးကို ဖော်ပြ၍ မဲဆွယ်စေခဲ့သည့်အထိ မြန်မာပြည်သည် တိုးတက် ပွင့်လင်းလာခဲ့ပြီး ယောက်ျားများ၏ လိင်စိတ်ကို နှိုးဆွပေးခဲ့သည်။ ထိုအချက်များသည်လည်း မုဒိမ်းမှုကျူးလွန်စေရန် နှိုးဆွမှုကို ဖြစ်ပေါ်နိုင်စေနိုင်သည့် အပြုအမူဟုမြင်သည်။

 

စာရေးသူမိတ်ဆွေတဦးက ညစ်ညမ်းစာပေများနှင့် ဗီဒီယိုများတွင် အထူးသဖြင့် မြန်မာဘာသာဖြင့် ရေးသားထားသော အပြာဇာတ်လမ်းများသည် အလွန်စိတ်ပျက်စရာ ကောင်းလောက်အောင် လူ့အကျင့် သိက္ခာမဲ့စေရန် ရေးသားထားသည့် အတွက် လေ့လာကြည့်သင့်ကြောင်း ပြောကြားဖူးသည်။ ထိုဝက်ဘ်ဆိုက်များကို သူ ဝင်ရောက် လေ့လာသည့်အခါ လိင်ဆက်ဆံရေး ပညာပေးစာပေများ မဟုတ်ဘဲ မုဒိမ်းမှုများကို တွန်းအားပေးသည့် အကျင့်စာရိတ္တ ဖောက်ပြားစေသည့် စာပေများ ဖြစ်နေသည်ကို စိတ်မကောင်းစွာ တွေ့ရသည်ဟု ဆိုသည်။ ထိုသူတို့ အရေးအသားများမှာ လူ့ပတ်ဝန်းကျင်မှ လက်မခံသည့် အစ်ကိုမှ ညီမအရင်းကို ပြုကျင့်မှု၊ ကျောင်းသားက ဆရာမကိုပြုကျင့်မှု၊ သားနှင့် မိထွေး၊ ပထွေးနှင့် မယားပါသမီး၊ ခယ်မနှင့် ခဲအို၊ အစ်မနှင့် မောင်၊ ယောက္ခမနှင့် သမက်၊ ယောက္ခထီးနှင့် ချွေးမ စသည့် လူမှုစရိုက်နှင့်ဖီလာ ဆန့်ကျင်သော အမူအကျင့်များကို တစ်တစ်ခွခွ ရေးသား လှုံဆော်ထားသည် အညံ့စား စာပေမျိုးများသာဖြစ်ကြောင်း အံ့သြစွာ တွေ့ရသည်ဟု ဆိုသည်။ ထို့ထက် စိုးရိမ်စရာ ကောင်းသည်မှာ မိန်းကလေးများကို မုဒိမ်းကျင့်ပြီး ထိုမုဒိမ်းကောင်ကို ပြုကျင့်စဉ်တွင် ကြောက်လန့်တကြား ငြင်းပယ်သော်လည်း နောက်ဆုံးတွင် ထိုမုဒိန်းကျင့်ခံရသော မိန်းကလေးများကိုယ်တိုင် ထိုပြုကျင့်မှုကို စွဲလမ်းနှစ်သက် လက်ခံသွားသည်ဆိုသည့် လွဲမှားသော မက်ဆေ့ခ်ျမှားကို ပေးထားနေသည်ဟု သူက ပြောပြသည်။ အလွန်အန္တရာယ်များသည့် အဆိပ်အတောက် စာပေများဖြစ်သောကြောင့် ပိတ်ပင်သင့်သည် စာရေးသူ အနေနှင့် ပြည်သူသို့ ထုတ်ဖော် တင်ပြသင့်သည်ဟု သူက ပြောပြသည်။ ထိုစာပေများသည် လိင်ပညာပေးရေး ထက် လူမှုရေး ဖောက်ပြန်ရေးကိုသာ ဇောင်းပေးရေးသားနေကြသဖြင့် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသလော ဟုပင် တွေးထင်ရန် ရှိပေသည်။ အမှန်တကယ်တော့ မုဒိန်းကျင့်ခံရသည့် မိန်းကလေးများသည် အရွယ်ရောက်လာသည်အထိ စိတ်ဒဏ်ရာကို ခံစားရပြီး မိမိကိုယ်မိမိ သတ်သေသွားသည့်သူများပင် ရှိသည်။

 

ယနေ့လူငယ်များသည် စာဖတ်အား အလွန်အားနည်းလျက် ရှိကြောင်း ထုတ်ဝေသည့် စာအုပ်အရေအတွက်ကို ကြည့်ယုံနှင့် သိရှိနိုင်သည်။ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀ ခန့်က မြန်မာနိုင်ငံတွင် လူဦးရေသန်း ၃၀ ခန့်ရှိစဉ်က စာအုပ်ထုတ်ဝေလျှင် အနည်းဆုံး ၃,၀၀၀ ခန့် ထုတ်ဝေရသည်။ ရွှေဥဒေါင်း၊ ဗန်းမော်တင်အောင်၊ ရန်ကုန်ဘဆွေ၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်သာရ၊ ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ ခင်ဆွေဦးတို့ စာအုပ်များသည် အုပ်ရေ သောင်းကျော် ထုတ်ဝေကြရသည်။ ထို့ကြောင့် ၃,၀၀၀ ခန့် ရောင်းရသော စာအုပ်ကို ဥပမာထားပြီး တွက်လျှင် လူ ၃ သန်းတွင် လူ ၃၀၀ ခန့်သာ စာဖတ်သည်။ လူ ၁ သန်းတွင် ၁၀၀ ခန့် စာဖတ်ကြသည်ဟု ယေဘုယျတွက်၍ ရသည်။ ယနေ့ခေတ်တွင် လူသန်း ၅၀ ကျော်တွင် စာအုပ်ထုတ်ဝေမှုက ရောင်းရလျှင် ၁၀၀၀ သာမန်ဆိုလျှင် ၅၀၀ ခန့်သာ ထုတ်ဝေနိုင်ကြသည်။ သန်း ၅၀ တွင် ၁,၀၀၀ ဟုတွက်ပါက လူ ၅ သန်းတွင် လူ ၁၀၀ သာ ဖတ်ကြသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် လူတသန်းတွင် စာဖတ်သူ ၂၀ ခန့်သာ ရှိတော့ကြောင်း တွေ့ရမည် ဖြစ်သည်။ လူငယ်များ စာကောင်း ပေကောင်းများထက် စာညံ့ အဆိပ်အတောက် စာပေများကို အင်တာနက်ပေါ်တွင် အဖတ်များနေကြပြီး ပုံနှိပ်စာအုပ်များကို ဝယ်ဖတ်သူ နည်းလာခဲ့ခြင်းသည်လည်း အတွေးအခေါ် နိမ့်ကျမှုကို ဖြစ်စေသည့် အချက်တခု အဖြစ်မြင်သည်။ ယနေ့ခေတ်တွင် စာရေးဆရာများသည် စာရေးသားခြင်း တခုတည်းဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုရန်မလွယ်ကူလှချေ။

 

စာပေရေးသားမှုကို ကန့်သတ်ပိတ်ပင်ရန်မှာ ယနေ့စာပေ လွတ်လပ်ခွင့်နှင့် ငြိနေပေသည်။ ထို့ကြောင့် ထိန်းကြောင်း ပညာပေးသည့် အလုပ်လောက်သာ လုပ်ဆောင်နိုင်မည်ဟု မြင်သည်။ အရေးကြီးသော နောက်တချက်မှာ ထိုလိင်ပိုင်းဆိုင်ရာ နိုးဆွမှုများ တရားဝင် ပြုလုပ်လာနိုင်သည့် ခေတ်တွင် ထိုနိုးကြားလာသော လိင်စိတ်ဓာတ်ကို ထိန်းချုပ် နိုင်ရန် ထွက်ပေါက် ပေးဖို့လိုသည်ဟု မြင်သည်။ ထိုထွက်ပေါက်သည် ပြည့်တန်ဆာများကို တရားဝင် မှတ်ပြုတင်ခွင့် ပြု ခြင်းပင်ဖြစ်သည်။ ထိုအကြံပြုချက်ကို ရှေးရိုးသမားတို့က အပြင်းအထန် ကန့်ကွက်ကောင်း ကန့်ကွက်မည် ဖြစ်သော်လည်း ထိုသို့ပြုလုပ်ခွင့် ပေးခြင်း၏ အကျိုးအပြစ်ကို စဉ်းစားရန် အောက်ပါအတိုင်း တင်ပြပါမည်။

 

ပြည့်တန်ဆာတရားဝင် ခွင့်ပြုမထားသော်လည်း ကမ္ဘာတွင် ပြည်တန်ဆာ မရှိသည့်နိုင်ငံဟူ၍ မရှိချေ။ မြန်မာနိုင်ငံ တွင်လည်း တရားဝင်ခွင့်မပြု ထားသော်လည်း ပြည့်တန်ဆာများ ခိုးကြောင်ခိုးဝှက်နှင့်ရှိနေပြီး ထိုမိန်းကလေးများသည် ယောက်ျားများနှင့် အကျင့်ပျက်ဝန်ထမ်းအချို့၏ တရားလက်လွတ် အနိုင်ကျင့်မှုများကို ခါးစည်းခံနေရသည့် စနစ်ဆိုး၏ သားကောင်များ ဖြစ်နေခဲ့ကြသည်။ မတော်မတရား လုပ်ခံရလျှင်လည်းမတိုင်ရဲ၊ တိုင်ပြန်လျှင်လည်း ဆိုင်ရာက ဖမ်းဆီးလျှင်ဖမ်းဆီး၊ မဖမ်းဆီးလျှင်လည်း ငွေနှင့် သွေးသားတို့ကို ထပ်အလှူပေးရပြန်သည့် ဘဝဖြစ်သည်။ ထိုပြည့်တန်ဆာ ဖြစ်လာသူတို့ကို အပြစ်တင်ချင်လျင် တိုင်းပြည် မွဲပြာကျအောင် လုပ်သူများနှင့် အုပ်ချုပ်ရေး စနစ်ကိုသာ အပြစ်တင်သင့်သည်ဟု ပြောလိုပါသည်။ ရှမ်းပြည်နယ် တာချီလိတ်တွင် ဖြစ်မည်ထင်သည်။ ပြည့်တန်ဆာမှုဖြင့် အဖမ်းခံရသည့် ဥပဒေကိုနားမလည်သည့် တိုင်းရင်းသူလေးက တရားသူကြီးဖြစ်သူကို ပြန်ပြောသည့် စကားမှာ သနားကရုဏာ သက်စရာကောင်းလှသည်။ “ကျမပစ္စည်း ကျမပိုင်တယ်ထင်လို့ ရောင်းမိတာပါ အခုမှ တရားသူကြီးက ပိုင်မှန်းသိပါတယ်” ဟူ၏။

 

ပြည်တန်ဆာ အဘယ့်ကြောင့် ပေါ်ပေါက်လာသနည်းဆိုသည့် မေးခွန်းကိုဖြေရလျှင် ဝယ်လိုအား များသောကြောင့် ရောင်းကုန်အဖြစ် ပေါ်လာရသည်ဟု ဖြေရမည်။ သတ္တဝါတို့တွင်သဘာဝအရ အဖိုကအမထက် တက်ကြွ၍ မိမိဆန့်ကျင် ဘက်လိင်ကို စတင်ချဉ်းကပ်ကြသည်မှာ သဘာဝအရ မျိုးပွားရန် သွေးသားမှ လှုံ့ဆော်မှုကြောင့် ဖြစ်သည်။ အဖိုသဘာဝမှာ မိမိမျိုးစေ့ချပြီးလျှင် တာဝန်ကျေသည်။ ထို့ကြောင့် တိရစ္ဆာန်များတွင် အဖိုများက မိတ်လိုက်ရာတွင် အမများထက် တက်ကြွစွာ ဦးဆောင်ကြသည် လူသားတို့သည်လည်း တိရစ္ဆာန်မျိုးစိတ်ပင် ဖြစ်သဖြင့် သဘာဝလှုံ့ဆော်မှုအရ ယောက်ျားများက မိတ်လိုက်ရန်ရှာသည့်အခါ ဥပဒေဖြင့် ချုပ်ကိုင်ထားသဖြင့် တရားမဝင် ပြည့်တန်ဆာ လုပ်ငန်းများ ပေါ်လာရခြင်း ဖြစ်သည်။ ထိုလုပ်ငန်းကို တည်ထောင်သူများကလည်း ခိုးကြောင်ခိုးဝှက် လုပ်ရ၊ လုပ်စားသည့် မိန်းကလေးများကလည်း အကာအကွယ်မရှိဘဲ လုပ်ရသဖြင့် အညွန့်ခူး ခံရသည်။ ဥပဒေဘက်တော်သားများကိုလည်း လာဘ်ပေးလာဘ်ယူလုပ်၍ ထိုလုပ်ငန်းကို မဖမ်းရန်ငွေထိုးသဖြင့် အကျင့်ပျက်ပြား လာစေသည်။ ထို့ကြောင့်ပိတ်မရသည့် လိင်ပိုင်းဆိုင်ရာ ဝယ်လိုအား ရှိနေခြင်းကို တရားဝင်လိုင်စင် ထုတ်ပေးခြင်းဖြင့် မိမိလိင်စိတ်ကို ဖြေဖျောက်လိုသူများ တရားဝင်နေရာတွင် သွားရောက် ဖြေဖျောက်နိုင်သဖြင့် မုဒိမ်းမှုများကို လျော့ကျစေမည်ဖြစ်သလို လုပ်စားသည့် မိန်းကလေးများသည်လည်း တရားဥပဒေ အောက်တွင် အကာအကွယ်ရပြီး တလတစ်ခါ ဆရာဝန်ပြ၍ ဆေးစစ်စေခြင်း လိင်ပညာပေးခြင်းတို့ဖြင့် ကိုယ်ခံအား ကျဆင်း စေသည့် အိပ်ခ်ျအိုင်ဗီပိုး မကူးစက်စေရန် ကာကွယ်မှုပေးနိုင်သည့်အတွက် တိုင်းပြည်အတွက်လည်း အကျိုးရှိသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် တရားဝင် ပြည်တန်ဆာအိမ်များ ရှိသည်။ ထိုအိမ်များရှိ ပြည့်တန်ဆာဖြစ် နေသော မိန်းကလေးများ၏ ၉၀ ရာခိုင်နှုန်းသည် မြန်မာပြည်အရပ်ရပ်မှ မိန်းကလေးများ ဖြစ်သည်။ ထိုင်းတွင် ပြည့်တန်ဆာ ပေါသည်ဟုဆိုလျှင် ထိုပြည့်တန်ဆာများသည် မြန်မာပြည်မှ အများစုဖြစ်သည်။ စီးပွားရေး မပြေလည်၍ ဘဝနိမ့်ကျစွာ နိုင်ငံခြားတွင် ပြည့်တန်ဆာ ဖြစ်နေသည်ထက် မိမိနိုင်ငံတွင် တရားဥပဒေ ခွင့်ပြုချက်ဖြင့် လုပ်စားခွင့်ပေးခြင်းက ပို၍ သင့်တော်မည်ထင်သည်။

 

ထို့ပြင် အနောက်နိုင်ငံတို့တွင် လည်းကောင်း ထိုင်းနှင့် ဂျပန်တို့တွင် လည်းကောင်းတွင် ကျယ်စွာရောင်းချနေသည့် လိင်ဖြေဖျောက်သည့် အရုပ်များ မိန်းမကိုယ်ပုံစံများကို ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချခွင့်နှင့် နိုင်ငံခြားမှ တရားဝင် တင်သွင်းခွင့်၊ တရားဝင်ဆိုင် လိင်ပိုင်းဆိုင်ရာ ပစ္စည်းဆိုင် (Sex Toy shop) ဖွင့်ခွင့်တို့ကို ပြုခြင်းဖြင့် ယောက်ျား လေးများ မိမိလိင်စိတ်ကို အာသာဖြေဖျောက်ရန် ထွက်ပေါက်တခု ရရှိနိုင်မည် ဖြစ်သည်။ ထိုသို့ခွင့်ပြုခြင်းကို ရှက်စရာဟု မမြင်ဘဲ အမြင်ကျယ်ကျယ် ထား၍ ကြည့်ပြီး ပြသ၁နာကို ဖြေရှင်းပေးသင့်သည်။ ယုတ်ညံ့သော အလုပ် ရွံစရာကောင်းသော အလုပ်ဟူ၍ ပြောနေသူများသည် မိမိတို့ ကိုယ်တိုင်ခိုးကြောင်ခိုးဝှက် လုပ်နေကြသူများ ဟန်ဆောင် နေကြသူများက အများစုဖြစ်သည်။ ကေတီဗီများ အဘယ့်ကြောင့် လူများပြည့်နှက်နေသနည်း၊ အနှိပ်ခန်းများဘာကြောင့် ဖမ်းဆီးသည့်ကြားမှ ဖွင့်နေကြသနည်း။ စဉ်းစားကြည့်ဖို့ လိုသည်။ ယောက်ျားများ၏ ဝယ်လိုအား ကောင်းမှုကြောင်း ရောင်းကုန်များ ပေါ်လာရသည်။

 

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သည် ကမ္ဘာလှည့် ခရီးသည်များ အများစုလာရောက် အပန်းဖြေသည့် မြို့ကြီးဖြစ်သည်။ ထိုနိုင်ငံတွင် တရားဝင် ပြည့်တန်ဆာလုပ်ခွင့်၊ တရားဝင် ဆေးခြောက်ဝယ်ယူ၍ ရှူခွင့်ရှိသည်။ ကမ္ဘာအရပ်ရပ်မှ ပြည့်တန်ဆာများ မိမိအခန်းမိမိငှားပြီး လာရောက် စီးပွားရှာကြသည်။ မှတ်ပုံတင်ကြရသည်၊ သူတို့တွင် ခေါင်းပုံဖြတ်သူများမရှိ၊ ပုလိပ်က သူတို့ကို ကာကွယ်စောင့်ရှောက်ပေးသည်။ အစိုးရက အခွန်ကောက်သဖြင့် ဝင်ငွေရသည်။ ထိုနိုင်ငံတွင် ရာဇဝတ်မှုခင်းများက အိမ်နီးချင်း နိုင်ငံများထက် နည်းသည်။ အဓိက တရားဥပဒေစိုးမိုးရေးနှင့် စီမံအုပ်ချုပ်မှုစနစ် ကောင်းဖို့သာ လိုသည်။ နယ်သာလန်နိုင်ငံတွင် ရာဇဝတ်မှု ကျူးလွန်သူ နည်းပါးပြီး အကျဉ်းသားများ လျော့နည်း လာသည့်အတွက် ထောင်များကို ပိတ်ပစ်နေရသည်။ မြန်မာပြည်တွင် မူးယဇ်ဆေးဝါးဥပဒေ၊ ပြည့်တန်ဆာဥပဒေစသည့် ဥပဒေမျိုးစုံဖြင့် ပိတ်ပင်နေသည့် ကြားထဲမှ ရာဇဝတ်မှုကျူးလွန်သူ များပြားလာပြီး ထောင်များတွင် အကျဉ်းသားများ အဆမတန်များလာရသည်ကို နှိုင်းယှဉ် လေ့လာပြီး ဘာတွေ မှားယွင်းနေသည် ဆိုခြင်းကို တိုင်းပြည်အုပ်ချုပ် နေသူများနှင့် ဥပဒေပြုသူများ စဉ်းစားကြဖို့ လိုသည်။

 

ထို့ကြောင့် မုဒိမ်းမှုများ လျော့ကျသွားစေရန် အထက်ပါ အကြောင်းအရာများကို လေ့လာပြီး ပြုပြင်သင့်သည်တို့ကို ပြုပြင်ခြင်း ဥပဒေထုတ်သင့်သည် တို့ကို ထုတ်ပြန်ခြင်း တားဆီးခြင်းတို့ကို ဥပဒေပညာရှင်များ၊ စိတ္တဗေဒ ပညာရှင်များနှင့် တွေ့ဆုံပြီး အဖြေထုတ်သင့်သည်။ စာပေလွတ်လပ်ခွင့်သည် တိုင်းပြည် တိုးတက်ရေးအတွက် အရေးကြီးသလို၊ တဖက်တွင်လည်း စာကောင်းစာသန့်များ ထွက်ပေါ်လာစေရန် အစိုးရက ဦးစီးပြီး လုံလောက်သော ငွေကြေးဆုချမှုဖြင့် စာရေးဆရာကောင်းများ ပေါ်ထွက်လာစေရန် ဆွဲဆောင်သင့်ပေသည်။ အလိမ္မာစာမှာရှိသည် မဟုတ်ပါလား။

 

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

The Ladies News

No comments:

Post a Comment