သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်တယောက်၏ စကားကို သတိထားမိသည်။ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာစန်းစန်းဦးက ဤသို့ပြောသည်။
''မုဒိမ်းမှုတွေ ဘာလို့ဖြစ်တာလဲဆိုတာကို ပြန်လိုက်ပြီးတော့ သေသေချာချာ မှုခင်းဆေးပညာရော၊ မှုခင်းပညာပါ ပေါင်းစပ်ပြီးတော့ လုပ်သင့်တယ်။ဒီတော့မှ ဘာကြောင့်ဖြစ်တာလဲဆိုတာ သိတော့မှ ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုလျော့ကျအောင်လုပ်မလဲဆိုတဲ့ အဖြေထွက်လာမယ်။ ဒါက ပညာရပ် တခုပဲ။ သက်ငယ်မုဒိမ်းမှုမှာဆိုရင်လည်း နိုင်ငံတကာက လေ့လာထားတာတွေရှိတယ်လေ။ ဘာကြောင့် ကလေးတွေကို မုဒိမ်းကျင့်ကြတာလဲ။ ဘယ်လိုလူမျိုးတွေက ကျူးလွန်လေ့ရှိတာလဲ စသည်ဖြင့်ပေါ့။ ကျွန်မတို့ဆီမှာ ဒါတွေကိုသေသေချာချာ လေ့လာခဲ့ကြတာ မရှိဘူး။ ဒီတော့ မုဒိမ်းမှုတွေဖြစ်ပွားတာ အရမ်းစိပ်နေပြီဆိုရင် ဘာကြောင့်ဖြစ်တာလဲဆိုတာကို လေ့လာဖို့လိုနေပြီ။ စုံစမ်းလေ့လာဖော်ထုတ်ရမယ်။ ပြီးတော့မှ ကိုင်တွယ်လို့ရမယ်။ အလုပ်လုပ်တယ်ဆိုတာက လူတွေကိစ္စကို ဖြေရှင်းတာလေ။ ဘယ်နယ်ပယ်မှာမဆို လူတွေရဲ့အကျိုးစီးပွားကို ဖြစ်ထွန်းစေချင် တယ်ဆိုရင် ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာဖို့လိုတယ်လေ''
အကြောင်းကြောင့် အကျိုးဖြစ်၏။ ဖြစ်လာသမျှ ကိစ္စတိုင်းတွင် နောက်ခံအကြောင်းတရားကိုပါ လေ့လာစေချင်သော ဒေါက်တာစန်းစန်းဦး၏ စကားကိုထောက်ခံပါ၏။ မည်သည့်ကိစ္စမှ အကြောင်း မရှိဘဲ အကျိုးမဖြစ်ပါ။ မြန်မာလူ့အဖွဲ့အစည်း၏ လစ်ကွက်ဟာကွက်၊ ပျော့ကွက်များကား အဘယ်နည်း။ ထိုကိစ္စများနှင့်တဆက်တည်းမှာပင် စာရေးသူ စင်ကာပူနိုင်ငံသို့ ရောက်ခဲ့စဉ်က တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို အမှတ်ရမိ၏။ စင်ကာပူနိုင်ငံတွင် လည်စရာ ပတ်စရာ နေရာတော်တော်များများကို ရောက်ရှိလည်ပတ်ပြီးသောအခါ တခုသောညချမ်းတွင် စင်ကာပူမှာ နေတာကြာပြီဖြစ်သော တူတော်မောင် မောင်အာကာက စာရေးဆရာကြီး ဒီညဘယ်သွားချင်သလဲဟု မေးလာပါသည်။ စင်ကာပူတရုတ်တန်းသို့လည်း ရောက်ခဲ့ပြီးပြီ။ သင်္ဘောပုံစံ အဆောက်အအုံကြီး အပေါ် ထပ်သို့လည်း ရောက်ခဲ့ပြီးပြီ။ အော့ချက်ခေါ်လမ်းမကြီးပေါ်တွင်လည်း Wonder Woman ရုပ်ရှင် သွားကြည့်ပြီးပြီ။ ကလပ်ကေး ခေါ် စည်ကားသော ညဈေးသို့လည်း ရောက်ခဲ့ပြီးပြီ။ ထိုလမ်းပေါ်က ရင်တုန်သည်းထိတ်စရာ Extreme Sway ဆိုသော မိုးပေါ်သို့ ကရိန်းဖြင့်ဆွဲခေါ်သွားပြီးမှ ရုတ်တရက် လွှတ်ချသောအမြင့်မှ ရုတ်တရက်ပြုတ်ကျသည့် ရဟတ်လိုတွဲဆိုင်းကြီးတွေကိုလည်း မြင်ဖူးပြီ။ ပင်လယ်ကမ်းခြေတွင်လည်း ညဘက်လမ်းလျှောက်ဖူးပြီ။ ဆန်တိုဆာကျွန်းမှ ကာစီနိုကစားဝိုင်း များသို့လည်း ရောက်ဖူးပြီ။ မြေအောက်ရထားများလည်း အကြိမ်ကြိမ်စီးဖူးပြီ။ မြန်မာများ စုဝေးရာ ပန်နီဆူးလား ပလာဇာသို့လည်း ချောင်းပေါက်အောင်ရောက်ခဲ့ပြီးပြီ။ တိုးရစ်များဈေးဝယ်သည့် ဘူကစ်ဆိုသည့်ဈေးကိုလည်း ရောက်ပြီးပြီ။ တိရစ္ဆာန်ရုံ ပင်မကျန်အောင် ရောက်ခဲ့ပြီးပြီ။
ထို့ကြောင့် မရောက်ဖူးသေးသည့်နေရာလည်းဖြစ်။ စာရေးဖို့ ကုန်ကြမ်းရမည့် နေရာလည်းဖြစ်၊ စင်ကာပူမှနာမည်ကြီး နေရာလည်းဖြစ်သော ဂေးလန်း (Geylang) ဆိုသော အရပ်ကို သွားချင်သည်ဟု တူတော်မောင်ကို ပြောလိုက်ရလေသည်။
တူတော်မောင်က မျက်လုံးပြူးသွားသည်။ ဟုတ်ရဲ့လား ဦးလေးဟု နှစ်ခါပြန်မေးသည်။ အဘယ့် ကြောင့်ဆိုသော် အားလုံးသိသည့်အတိုင်း ဂေးလန်းဆိုသောအရပ်သည် ပြည့်တန်ဆာလုပ်ငန်းဖြင့် နာမည်ကြီးသောရပ်ကွက်ဖြစ်နေသောကြောင့်ပင်တည်း။ အေးပါကွာ ငါလေ့လာချင်လို့ပါ။ ကြည့်ရုံ သက်သက်ပါ။ ပြီးမှ အဲဒီနားက နာမည်ကျော်ဖားဆန်ပြုတ်စားကြတာ ပေါ့ကွာဟု ပြောလိုက်ရသည်။ ဂေးလန်းလမ်းမကြီးတွင် နာမည်ကျော်ဆန်ပြုတ်ဆိုင်များ ရှိသည်။ ဖားသားဖြင့် ချက်ပြုတ်ထားသော ဆန်ပြုတ်များဖြစ်၍ အထူးစပယ် ရှယ်ဖားသားစားချင်သူများ လာရောက်သုံးဆောင်ကြသည်။ ကျွန်တော်ကတော့ ဆန်ပြုတ်ထက် ပြည့်တန်ဆာတန်းကို လေ့လာချင်တာဖြစ်သည်။ စင်ကာပူမှာ မုဒိမ်းမှုလို ရာဇ၀တ်မှုခင်းတွေနည်းပါးသည်မှာ ပြည့်တန်ဆာခန်းတွေ တရားဝင်ဖွင့်ခွင့်ပေးထား သောကြောင့်လားဆိုတာ ကျွန်တော်သိချင်သည်။
ကျွန်တော်တို့သည် ည ၉ နာရီလောက်တွင် ကျွန်တော်ခေတ္တတည်းခိုရာဟိုတယ်အနီးရှိ လာဗန်းဒါး မြေအောက်ဘူတာရုံမှ ပါရာလေးဘား (Paya Lebar) ဆိုသော ဘူတာရုံသို့ MRT မြေအောက်ရထားစီး ခဲ့ကြပါသည်။ ပါရာလေးဘားဘူတာကို မြန်မာများက နောက်ပြောင်ပြီး ဘုရားလေးပါးဘူတာဟု အမည်ပေးထားကြပါသည်။ ထိုဘုရားလေးပါး ဘူတာသို့ရောက်သောအခါ မိနစ်၂၀ လောက်ထပ်ပြီး လမ်းလျှောက်ရပါသည်။ လမ်းများသည်လည်းကောင်း၊ အဆောက်အဦများသည်လည်းကောင်း စင်ကာပူမြို့လယ်ကောင်နှင့် မတူတော့ဘဲ ရန်ကုန်ကျောက်မြောင်းဘက်ကို ရောက်နေသလိုလို၊ စမ်းချောင်းဘက်ကို ရောက်နေသလိုလိုတွေ မြင်ကွင်းကပြောင်းလာပါသည်။ အထပ်မြင့်တိုက်များသိပ်မရှိဘဲ လုံးချင်းအိမ်များ၊ အိမ်တန်းလျားများ၊ လေးထပ်ငါးထပ် ကန်ထရိုက်တိုက်များ၊ ဈေးဆိုင် များစွာကို တွေ့မြင်ရပါသည်။ လူကူးခုံးကျော်တံတားတခုကိုလည်း တွေ့ရပါသည်။ ထိုလူကူးခုံး ကျော်တံတားပေါ်မှ မည်သူကမျှမကူးဘဲ မြန်မာနိုင်ငံလိုပင် လမ်းဖြတ်ကူးနေကြတာလည်း တွေ့ရပါ သည်။ စင်ကာပူတွင် လမ်းပေါ်မှထင်သလို ဖြတ်ကူးသော နေရာနှစ်နေရာပဲရှိကြောင်း။ တနေရာမှာ မြန်မာများလာလေ့ရှိသော ပင်နီဆူးလားပလာဇာ ရှေ့မှလမ်းဖြစ်ကြောင်း၊ နောက်တနေရာမှာ ယခုရောက်နေသော ဂေးလန်းရပ်ကွက်ဖြစ်ကြောင်း ကျွန်တော့တူက ပြောပြပါသည်။ ထူးထူးခြားခြားအဖြစ် ဒူးရင်းသီးများကို ဆိုင်အကြီးကြီးဖွင့်ကာ ရောင်းနေသည်ကိုလည်း တွေ့မြင်ရပါသည်။
သူတို့ဆီတွင် လမ်းသွယ်ကလေးများကို လော် (Lor) ဟု ခေါ်ပါသည်။ လော် ၁၊ လော် ၂ စသည် ဖြင့် လမ်းထိပ်တိုင်းတွင် ရေးထားပါသည်။ လော် ၁၂ ( Lor 12 )သို့ ရောက်လာသောအခါ ဟိုတစသည် တစဖြင့် မီးအိမ်နီလေးတွေချိတ်ထားသောအိမ်များကို တွေ့စပြုလာရပါသည်။ လော် ၁၂ ကနေ လော် ၁၈ လောက်အထိက ပြည့်တန်ဆာအိမ်တွေများတယ်။ အိမ်ရှေ့မှာ မီးအနီလေးထွန်းထားပြီး လူထွက် ခေါ်နေရင် အဲဒီအိမ်ပဲဟု ကျွန်တော့ကို ဧည့်လမ်းညွှန်မောင်အာကာက မှာကြားပါသည်။ ကျွန်တော်တို့ နှစ်ယောက်သည် လော် ၁၂ မှဝင်၊ လော် ၁၃ မှ ပြန်ထွက်။ ထို့နောက် လော် ၁၃ လမ်းမှဝင် လော် ၁၄ မှ ပြန်ထွက်ဖြင့် ထိုရပ်ကွက်ကို သေသေချာချာ ကျကျနနလမ်းလျှောက်ပြီး လေ့လာကြပါသည်။ တရားဝင်လိုင်စင်ယူ နိုင်ငံကိုအခွန်ဆောင်၍ ဖွင့်လှစ်ထားသော ပြည့်တန်ဆာအိမ်များမို့ ကျွန်တော်တို့ နိုင်ငံလို ခိုးကြောင်ခိုးဝှက် ပုံစံမရှိပါ။ အလုပ်ကြီးအကိုင်ကြီးတခုကို လုပ်နေသလိုမျိုးသာဖြစ်ပါသည်။ တထပ်တိုက် အိမ်တန်းလျားလေးများစွာကိုတွေ့ရပြီး အိမ် လေးများမှာ ၁၂ ပေခန့်ကျယ်ပြီး ပေ ၅၀ ခန့် ရှည်ပါလိမ့်မည်။ အိမ်များမှာ ခပ်ဆင်ဆင်တူပါသည်။ ကျွန်တော်တို့သည် စားသုံးသူကာစတန်မာ များ မဟုတ်သဖြင့် အိမ်ထဲသို့တော့ မ၀င်ပါ။ အိမ်ရှေ့ပလက် ဖောင်းမှသာ ခြေတိုအောင်လျှောက်ရင်း အထဲကို တစေ့တစောင်းကြည့်ကြပါသည်။
အလွန်ချောမောလှပသော မိန်းကလေးငါးယောက်၊ ခြောက်ယောက်လောက် မှုန်နေအောင် အလှ ပြင်ကာ အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်နေကြတာမြင်ရပါသည်။ မိန်းကလေးများမှာ အများအားဖြင့် ထိုင်း၊ တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ မိန်းကလေးတွေဖြစ်လေသည်။ စင်ကာပူမိန်းကလေး ရှိသော်လည်း အလွန်ရှားသည်ဟု သိရသည်။ ထိုသို့ လော် ၁၈ လမ်းထဲတွင် လျှောက်လာစဉ် ပြည့်တန်ဆာအိမ်များသည် (Tout) မြန်မာအခေါ် ဖာဆွယ်များကို အိမ်ရှေ့တွင်ထွက်၍ လမ်းသွား လမ်းလာများကို ဆွယ်ခိုင်းပါသည်။ မိနစ် ၃၀ ပျော်ပါးလျှင် စင်ကာပူဒေါ်လာ (၁၀၀) ဖြင့် ပျော်ပါး၍ရ ကြောင်း၊ မိန်းကလေးများမှာ အလွန် ချောမောလှပကြောင်း၊ ဤနေရာသည် တရားဝင်လုပ်ငန်းဖြစ်၍ ရဲလာဖမ်းမှာကို စိုးရိမ်စရာမလိုကြောင်း၊ မိန်းကလေးများမှာ ရောဂါ မရှိသူများသာဖြစ်၍ တလတကြိမ် ဆရာဝန်ဖြင့် ဆေးစစ်ကြောင်းတို့ကို ထိုသူများက အင်္ဂလိပ်လိုအော်၍ ပြောကြပါသည်။ သူတို့သည် အင်္ဂလိပ်လို ဆွယ်နေရာမှ ကျွန်တော်တို့နှစ်ယောက်ကိုမြင်သောအခါ မြန်မာမှန်းဘယ်လိုသိသည်မသိ ချက်ချင်းပင် မပီကလာ မြန်မာသံဖြင့် (မရိုသေ့စကား) ''လှဒယ် လှဒယ် -ျမယ် -ျမယ်'' ဟု ချက်ချင်းပြောင်းပြောပါသည်။ ကျွန်တော်တို့သည် ရယ်ချင်သဖြင့် ထိုနေရာမှ အမြန်ထွက်ပြေးလာခဲ့ပါ သည်။ ခန့်မှန်းကြည့်ရတာ ဤရပ်ကွက်သို့ မြန်မာတွေအတော်လာပုံရသည်။ အိမ်ရှေ့တွေမှာထွက်၍ ဆွယ်သူများကပင် မြန်မာစကား မတောက်တခေါက် တတ်နေပေသည်။
လမ်းတိုင်းတွင် Hotel 81 ဆိုသော ဆိုင်းဘုတ်ကြီးများကို တွေ့ရပါသည်။ ၈၁ ဟိုတယ်သည် စင်ကာပူတွင် အတော်နာမည်ကြီးသော ချစ်သူစုံတွဲများသွားသည့် ဟိုတယ်ဖြစ်ပုံရပါသည်။ ထိုသို့ လျှောက်လာကြရာ လမ်းထောင့်အမှောင်ရိပ်တွင် အသက် ၂၀ ခန့် ကောင်မလေး တယောက် ရပ်နေပါသည်။ ထိုကောင်မလေးအနီးတွင် ကုလားဒိန်လို လူတယောက်လည်းရှိပါသည်။ ကျွန်တော်က စပ်စုချင်စိတ်ဖြင့်သွားမေးရာ လိုင်စင်ရအိမ်များမှ မိန်းကလေးများမှာ ဈေးကြီးကြောင်း၊ အချိန်လည်း မပေးနိုင်ကြကြောင်း၊ ဒီကောင်မလေးမှာ လုပ်ငန်းလိုင်စင်မရှိသော ကြားပေါက်ဖြစ်ကြောင်း၊ ၈၁ ဟိုတယ်သို့ ခေါ်ဆောင်သွားပြီး ပျော်ပါးနိုင်ကြောင်း၊ ဈေးနှုန်းမှာ တနာရီမှ စင်ကာ ပူဒေါ်လာ ၅၀ သာဖြစ်ကြောင်း ရွှန်းရွှန်းဝေပြောပါတော့သည်။ ကျွန်တော်က ကြည့်ကောင်းအောင်ပြောပြီး ထိုနေရာမှ ပြန်ထွက်လာခဲ့ပါသည်။ ထိုကောင်မလေးလို တရားမ၀င် လုပ်စားနေသော လိုင်းများလည်း ဤရပ်ကွက် အမှောင်ရိပ်ဝယ်များစွာရှိကြောင်း ကျွန်တော့တူက ရှင်းပြပါသည်။ ထို့နောက် ရပ်ကွက် ကိုလှည့်ကြည့်ရာ သူပြောသလိုပင် အမှောင်ရိပ်ဝယ် ပုန်းခိုလှုပ်ရှားနေသော ညငှက်ကလေးတွေကို တွေ့ရလေသည်။
ထိုညငှက်ကလေးများကလည်း ထိုင်းတွေလား၊ ဖိလစ်ပိုင်တွေလားမသိ၊ လာမေးသော ဘင်္ဂါလီများ ကလည်း အင်္ဂလိပ်လိုမတတ်၊ ထိုမိန်းကလေးတွေက လည်း လိုရင်းရောက်အောင် မပီကလာဖြင့် ဖစ်ဖလီးဒေါ်လာ၊ ဖစ်ဖလီးဒေါ်လာဖြင့် ပြောနေသံကိုကြားတော့ မရယ်ဘဲမနေနိုင် စာရေးဆရာ ဂေးလမ်းတွင် ဟက်ဟက်ပက်ပက်ရယ်မိ၏။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်သည် လော် (၁၂) ခေါ် ၁၂ လမ်းထိပ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်ကြ၏။ ထိုလက်ဖက် ရည်ဆိုင်က တညလုံး ဖွင့်သော ဆိုင်ဖြစ်သည်။ လက် ဖက်ရည်ဆိုင်နှင့် မလှမ်းမကမ်းတွင် မာကျောက် ကစားဝိုင်းတခုဖြစ် နေပြီး လူတွေအုံကာ ကစားနေသည်။ ဂေးလန်းကတော့ တရုတ်တွေ အနေများခြင်းကြောင့် တရုတ်ပြည်မှာလိုဖြစ်နေဟန်တူသည်။ စင်ကာပူတွင် ကာစီနိုရုံများတွင် လောင်းကစားကို တရားဝင် ခွင့်ပြုထားသည်။ နိုင်ငံခြားသားများ ပတ်စပို့ပြနိုင်လျှင် ၀င်ကြေးအခမဲ့ဝင်ခွင့်ရှိပြီး သူ့နိုင်ငံသား စင်ကာပူ နိုင်ငံသားတွေကတော့ ကာစီနိုရုံထဲ ၀င်ချင်လျှင် စင်ကာပူဒေါ်လာ (၁၀၀) ၀င်ကြေးပေးရ သည်။ နိုင်ငံသားတွေ လောင်းကစားမလုပ်အောင် တဖက်တလမ်းမှ တားမြစ်ထားခြင်းဖြစ်ပုံရသည်။
ထိုညက လက်ဖက်ရည်သောက်၊ ဖားဆန်ပြုတ်စားပြီး ဂေးလန်းရပ်ကွက်မှ ပြန်လာသောအခါ စဉ်းစားစရာတွေ များစွာရလာပါသည်။ လောင်းကစား လုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်းများသည် စင်စစ် မကောင်းသော လုပ်ငန်းများဖြစ်ပါပေ၏။
သို့သော် လူတို့သည် လောဘ၊ ဒေါသ၊ မောဟနှင့်မကင်းတတ် သော သတ္တ၀ါများသာ ဖြစ်သည်။ လူမှန်လျှင် ဤကိစ္စများနှင့် မလွတ်ကင်းနိုင်၊ ထိုသို့ဆိုလျှင် ဤလုပ်ငန်းများ လုပ်ဆောင် လိုသူများကို မသိချင် ယောင်ဆောင်၍ မျက်ကွယ်ပြုနေမည်လော။ ဒုစရိုက် မှုများဖြစ်လာမှ ပြည်သူလူထုကို အပြစ်တင်မည်လော။ သို့မဟုတ် လူတို့၏ ဖြစ်တတ်သော သဘောသဘာဝကို အသိအမှတ်ပြုပြီး စိတ်ထွက်ပေါက်ပေးသည့်အနေနှင့် ထိုကိစ္စများကို စနစ်တကျကြီးကြပ်ကာ ခွင့်ပြုပေးမည်လောဟူသော မေးခွန်းပေါ်လာပါသည်။ အစိုးရတရပ်၏ တာဝန်မှာလူတွေကို နိဗ္ဗာန် သို့ ပို့ပေးဖို့မဟုတ် စားဝတ်နေရေးပြေလည်ကာ ဥပဒေစိုးမိုးသောနိုင်ငံတခု ဖြစ်ပေါ်လာဖို့ဖြစ်သည်။ အထက်ကဖော်ပြခဲ့သော စိတ်ကျန်းမာရေးအထူးကု ဆရာဝန်၏စကားလိုပင် ကိစ္စတခုပေါ်ပေါက်လာ သောအခါ ဘာကြောင့်ဖြစ်သလဲဟူသော နောက်ကွယ်က ကိစ္စကိုပါထည့်၍ စဉ်းစားကြရန် ဖြစ်သည်။ သေသေချာချာ စာရင်းဇယားဖြင့် သုတေသနပြုအချက် အလက်များရယူသင့်သည်။ စနစ်တကျ မှတ်တမ်း တင်မထားသော်လည်း သက်ငယ်မုဒိမ်းမှု အတော်တော်များများသည် ရန်ကုန်မြို့လယ် ကောင် မြို့နယ်များမှာထက် ရန်ကုန်တိုင်း၏ အစွန်အဖျားမြို့နယ် အပါအ၀င် နယ်ဘက်များတွင် အဖြစ်များလေသည်။
မကွယ်မ၀ှက်တမ်းဖော်ပြရလျှင် ရန်ကုန်မြို့လယ်ဝယ် လိင်ဆန္ဒအတွက် အခကြေးငွေယူကာ ဖျော်ဖြေပေးမည့် လိင်လုပ်သားများပေါများသည်။ ထို့ကြောင့် လိင်ကိစ္စသည် ငွေအတန်အသင့်ရှိလျှင် ရန်ကုန်မြို့၌ သိပ်ခက်သောကိစ္စမဟုတ်။ သို့သော် နယ်တွေမှာ ဤသို့မဟုတ်။ မိမိတွင်လိင်ဆက်ဆံ ဘက်မရှိလျှင် လိင်ကိစ္စသည် အလွန်ခက်ခဲသောကိစ္စ ဖြစ်သည်။
သက်ငယ်မုဒိမ်းမှုဖြစ်ပွားရခြင်းတွင် အကြောင်းရင်းများစွာ ရှိနိုင်သည်။ မြင်သာသောအကြောင်းများမှာ လိင်ဆက်ဆံလိုသော်လည်း အလွယ်တကူဆက်ဆံနိုင်စရာ ပြည့်တန်ဆာခန်းများမရှိခြင်းသည်လည်း အဓိကကျသော အကြောင်းတခုဖြစ်သည်။ ထိုအခါ လိင်ကိစ္စတွင် အကြမ်းဖက်ဆန္ဒဖြည့်ခြင်း (rape) ကို ခြေဦးလှည့်ကြသည်။ ထိုကိစ္စမျိုး ဆောင်ရွက်လိုသူများအတွက် ရွေးစရာနှစ်ခုရှိသည်။ အရွယ် ရောက်ပြီး လူကြီးကိုရွေးချယ်မလား၊ အရွယ်မရောက်သေးသော ကလေးကို ရွေးချယ်မလားဆို တာဖြစ်သည်။ စာရေးသူသည် ဤယုတ်မာညစ်ထေးသူ မုဒိမ်းတရားခံများဘက်မှ ရှေ့နေလိုက် ပေးနေခြင်းမဟုတ်ပါ။ ကိစ္စတခုကို အစအဆုံးစဉ်းစား ကြည့်ခြင်းမျှသာဖြစ်သည်။ ထိုသို့ ပစ်မှတ်နှစ်ခုရွေးရာတွင် အရွယ်ရောက်ပြီးမိန်းကလေးများကို အဓမ္မကြံပါက အမှုပေါ်မည်မှာ သေချာ သလောက်ဖြစ်သည်။ အရွယ်ရောက်ပြီးမိန်းကလေးများက သက်ဆိုင်ရာကို တိုင်မည်။ ဖြစ်ပျက်ခဲ့သမျှကို လုံးစေ့ပတ်စေ့ပြန်ပြောပြ နိုင်သည်။ ကလေးဆိုလျှင် ဒီလိုမဟုတ်ဘဲ ကိုယ်ကျူး လွန်သောအမှု မပေါ်တန်ရာဘူးဟု တရားခံများက စဉ်းစားကောင်းစဉ်းစားမည် ဖြစ်သည်။ ပြီးတော့ မြန်မာ့လူနေမှုစနစ်အရ နယ်ဘက်တွင်ကလေးများကို အချိန်ပြည့် အိမ်ထဲတွင်အစောင့်အကြပ်နှင့် ထားနိုင်ခြင်းနည်းသည်။ ကလေးများသည် free range လွှတ်ထားကြတာများသည်။ ထို့ကြောင့် မသမာ သူများအတွက် သားကောင်ရှာရတာ လွယ်ကူလေသည်။ အမှုတော်တော်များများတွင်လည်း ဘယ်သူနှင့် ထားခဲ့ရာမှဖြစ်သည်၊ ဘယ်နေရာကို ခိုင်းလိုက်ရာမှဖြစ်သည် စသည်ဖြင့် တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ကလေးများသည် ကျူးလွန်ရလွယ်နေသည့်အတွက် မုဒိမ်းသမားများသည် ကလေးတွေကို ပစ်မှတ်ထားလာကြခြင်းဖြစ်နိုင်ပေသည်။ ထို့ကြောင့် ခုတလော သက်ငယ်မုဒိမ်းမှုတွေ များလာသည်ဟု ထင်ပါသည်။
မည်သို့ပင်ရှိစေ လူစိတ်ရှိနေသေးသူသည် ကလေးများအပေါ် ယုတ်ယုတ်မာမာကြံစည်သည့် ကိစ္စကို မည်သို့မျှ လုပ်ရက်နိုင်စရာမရှိ။ လုပ်နိုင်စရာ အကြောင်းမမြင်။ သူတို့အမှုကျူးလွန်ရခြင်း၏ နောက်ထပ် အဓိကအကြောင်းတခုမှာ လူ့အသိစိတ်ပျောက်လောက်အောင် အရက်သေစာသောက်စားထားခြင်း၊ WY စသော စိတ်ကြွရူးသွပ်ဆေးများမှီဝဲထားခြင်းသည်လည်း အကြောင်းတခု ဖြစ်နိုင်သည်။ ထိုမူးယစ် ဆေးများမှီဝဲပြီးသောအခါ အရှက်အကြောက်ကင်းမဲ့လျက် အမျိုးသမီးဖြစ်လျက်ပင် အ၀တ်အစားများ ကို လူပုံအလယ်ဆွဲချွတ်ပြသောဖြစ်ရပ်များ ရန်ကုန်မြို့တွင် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် သက်ငယ် မုဒိမ်း မှုများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းများအဖြစ် (၁) ကာမ ကိစ္စအတွက် စိတ်ထွက်ပေါက်ပေးနိုင် သော လိင်အလုပ်သမများကို တရားမ၀င် သတ်မှတ်နှိမ်နှင်းနေခြင်း (၂) အရက်နှင့် စိတ်ကြွမူးယစ် ဆေးဝါးများ အလွယ်တကူနေရာတိုင်းတွင် ရနိုင်နေခြင်း (၃) ထိတ်လန့်လောက် သောပြစ်ဒဏ် မချမှတ်နိုင်ခြင်း (၄) လိင်ကိစ္စကို မပြောကောင်း မဆိုကောင်း မဆွေးနွေးမတိုင်ပင်ကောင်းသည့် ကိစ္စကြီးအဖြစ် အစဉ်အဆက်သတ်မှတ်ကာ လျစ်လျူရှုခဲ့ကြခြင်း (၅) ဥပဒေစိုးမိုးမှုမရှိခြင်းတို့ကို အဓိကအကြောင်းအဖြစ် တွေ့ရပါသည်။ နံပါတ်(၁) အချက်နှင့် နံပါတ်(၄)အချက်ကို ပြောဆိုဆွေးနွေး ကြသူများအား နှာဘူးတွေအဖြစ်လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးမည့်လူများအဖြစ် လည်းကောင်း ကင်ပွန်းတပ်တံဆိပ်ကပ်ခံရပါသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတခုတွင် ပြည့်တန်ဆာလုပ်ငန်းအား တရား ၀င်ခွင့်ပြုပေးရန် အဆိုတခုကို အမျိုးသမီးလွှတ်တော်အမတ်တဦးက တင်သွင်းရာ တနိုင်ငံလုံး သောသောညံအောင် ထိုလွှတ်တော်အမတ်အား ရှုတ်ချကဲ့ရဲ့ကြပါသည်။ လူ၏သဘော သဘာဝအရ မလုပ်နဲ့ ဆိုလျှင် ပိုလုပ်ချင်သည်။ ပိတ်ပင်ထားလျှင် ခိုးလုပ်ချင်သည်။ တရားဝင်ခွင့်ပြုလိုက်သော ထိုအလုပ်ကိုပင် လုပ်ချင်စိတ်နည်းပါးသွားသည်။ အင်္ဂလန်တွင် ဘောလုံး၊ မြင်းပွဲစသော အားကစား လုပ်ငန်းအားလုံးကို တရားဝင်လောင်းကစားခွင့်ပေးထားသည်။ သို့သော် သူတို့သိပ်လောင်း ကစားမှု မပြုကြပါ။ မြန်မာပြည်မှာလည်း တရားဝင်ခွင့်မပြုသော်လည်း ဘောလုံး၊ နှစ်လုံး ထီ၊ ချဲထီလောင်း ကစားများ ရပ်ကွက်တိုင်းမှာ၊ မြို့တိုင်း ရွာတိုင်းမှာ လုပ်နေကြတာပဲဖြစ်သည်။ မမြင်ချင်ယောင်ဆောင် ကာ မျက်လုံးကိုမှိတ်ထားလိုက်တာနှင့် ကိစ္စတခုက ပျောက်ကွယ်သွားတာမဟုတ်ချေ။ တရားမ၀င် လုပ်သောအခါ နိုင်ငံတော်ကအခွန်အခ မရတော့ဘဲ နစ်နာလျက် ရဲ၊ အုပ်ချုပ်ရေးမှူး စသူများကိုသာ အဂတိလိုက်စားဖို့ လမ်းပေါက်ဖွင့်ပေးထားသည်နှင့် တူပါပေသည်။ ကမ္ဘာပေါ်တွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်ခွင့်ပြုထားသော နိုင်ငံ ၁၅ နိုင်ငံရှိပါသည်။ ထိုနိုင်ငံများမှာ နယူးဇီလန်၊ သြစတေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာ၊ ဒိန်းမတ်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ နယ်သာ လန်၊ စင်ကာပူနိုင်ငံများဖြစ်သည်။ အချို့ဖက်ဒရယ်နိုင်ငံများတွင် ပြည်နယ်အချို့တွင် ခွင့်မပြုသော်လည်း အခြားပြည်နယ်တခုက ခွင့်ပြုသည်လည်းရှိသေးသည်။
သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ထိရောက်ပြင်းထန်စွာအပြစ်ပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကြေညာချက်တစောင်ထုတ်ပြန်သည်။ မြန်မာတနိုင်ငံလုံးတွင်လည်း သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားနေသည်။ တနိုင်ငံလုံးတွင် ၂၀၁၇ တွင် မုဒိမ်းမှု ၁၄၀၅ မှုဖြစ် ပွားခဲ့ပြီး ၂၀၁၆ တွင် မုဒိမ်းမှုပေါင်း ၁၁၀၀ ဖြစ်ပွားခဲ့ရာ ၂၀၁၇ တွင် ၃၀၅ မှုတိုးလာသည်။ ၂၀၁၆ ခုတွင် အသက် ၁၆ နှစ်အောက် မုဒိမ်း ကျင့်ခံရမှု ၆၇၁ မှုရှိခဲ့ပြီး ၂၀၁၇ တွင် ကလေးငယ်များ မုဒိမ်းပြုကျင့်ခံရမှု ၈၉၇ မှုရှိသဖြင့် ၂၀၁၆ ထက် ၂၀၁၇ က သက်ငယ်မုဒိမ်း ၂၂၆ မှု ပိုမိုဖြစ်ပွားခဲ့သည်။ ၂၀၁၈ သည်လည်း နည်းမည်မဟုတ်။ အထက်ပါအရေအတွက်တွင် ရဲစခန်းသို့ ရောက်မလာသော လူမသိသူမသိအမှု ပေါင်းများစွာရှိနိုင် သည်။
မြန်မာနိုင်ငံရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် ''မုဒိမ်းမှုကျူးလွန်သူကို တသက်တကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏မယားဖြစ်၍၊ အသက် ၁၂ နှစ်အောက်မဟုတ်လျှင်မူကား မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်''ဟု ပြဋ္ဌာန်းထားပေသည်။ ထို့ကြောင့် သူစိမ်းတယောက်က မုဒိမ်းကျင့်လျှင် ပြစ်ဒဏ်မှာ ထောင် ၁၀ နှစ်မှ တသက်တကျွန်းဖြစ်သည်။ ယခုအခါ ပင်လယ်ထဲမှ ကျွန်းသို့ ပို့ထားသော ပြစ်ဒဏ်မရှိတော့သဖြင့် တသက်တကျွန်းဆိုသည်မှာ ထောင်ဒဏ် နှစ် ၂၀ ဟု နားလည် ကြသည်။ ထို့ကြောင့် မုဒိမ်းမှုပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ အတွင်းဖြစ်ရာ တရားသူကြီး လက်ထဲတွင် ၁၀ နှစ်ဆိုသော ကွာခြားချက်ကြီးကို ကိုင်ထားနိုင်သည်။ ထိုလုပ်ပိုင်ခွင့်ကြောင့် အချို့ မုဒိမ်းသမားများမှာ ထောင်ဒဏ် ၁၀ နှစ်ထက်နည်းသောပြစ်ဒဏ်ကို ရနိုင်သည်။ အချို့မှာ ၁၀ နှစ်အထိ ချနိုင်သည်။ တရားသူကြီးစိတ်ပါလာလျှင် အနှစ် ၂၀ အထိ (တသက်တကျွန်းပြစ်ဒဏ်) ချမှတ်နိုင် သည်။ ထိုသို့ အရှင်ထားသောအခါ တရားသူကြီးကို ငွေဖြင့်လည်းကောင်း၊ အခြားအကြောင်းနှင့်လည်း ကောင်း မလျော်သြဇာလွှမ်းမိုးနိုင်သောအဖြစ်များရှိလာနိုင်သည်။ ထို့ကြောင့် မုဒိမ်းမှုပြစ်ဒဏ်ပြဋ္ဌာန်း ချက်ကို ပြန်လည်သုံးသပ်သင့်သည်။
သေဒဏ်ပြဋ္ဌာန်းလျှင်လည်း ဟန်ပြသေဒဏ်မဟုတ်ဘဲ တကယ်ကျင့်သုံး သောသေဒဏ်ဖြစ်ဖို့ လို သည်။ သက်ငယ်မုဒိမ်းမှုသေဒဏ်ပြဋ္ဌာန်းခြင်းကို မူအရထောက်ခံသည်။ သို့သော် ဥပဒေပိုင်းအရ ပြင်ဆင်စရာများစွာရှိသည်။ ပထမဆုံးအချက်အနေနှင့် သက်ငယ်ဆိုသည်မှာ မည်သည့်အသက်ကို ဆိုလိုသလဲ။ ၁၂ နှစ်အောက်လား၊ ၁၃ နှစ် အောက်လား၊ ၁၄ နှစ်အောက်လား၊ ၁၆ နှစ် အောက်လား တိတိကျကျ သတ်မှတ်ရမည်။ ပြဋ္ဌာန်းရမည်။ ထို့အပြင် မိဘချင်းမတည့်သဖြင့် ကလေး၏ အင်္ဂါဇာတ် ကို အနာတရဖြစ်အောင်လုပ်ပြီး သက်ငယ်မုဒိမ်းကျင့်ခံရသည်ဟု လီဆယ်တိုင်တန်းသောအမှု ဖြစ်လာ ခဲ့လျှင် လီဆယ်တိုင်တန်းမှုကို မည်သို့အရေးယူအပြစ်ပေးမလဲ။ သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပြဋ္ဌာန်း ခဲ့လျှင် ကျူးလွန်သူသည် ကလေးကိုလက်စဖျောက် သတ်ပစ်လျှင် ဘယ်လိုလုပ်မလဲ စသောကိစ္စများ ကိုလည်း စဉ်းစားဖို့လိုသည်။ စင်ကာပူလို ကြိမ်ဒဏ်တွေ ဘာတွေထားမလား၊ ထိုကြိမ်ဒဏ်ကရော ငွေပေးနိုင်ရင် လွတ်နိုင်သလားဆိုတာလည်း ထည့်တွက်ရမည်။ အရပ်ဘက်၊ စစ်ဘက် မတူညီသော တရားစီရင်မှုနှစ်ခုအတွက် အရပ်ဘက်ကိုသာ သက်ငယ်မုဒိမ်း သေဒဏ်ပေးပြီး စစ်ဘက်တရား စီရင်ရေးတွင်ရော လိုက်ပါပြောင်းလဲနိုင်ပါမလား။ မပြောင်းနိုင်ဘူးဆိုလျှင် နိုင်ငံတနိုင်ငံတည်း အပြစ်ချင်းအတူတူ ဥပဒေနှစ်မျိုးကွဲနေလို့ တရားပါ့မလားစသည့်မေးခွန်းများ ပေါ်လာနိုင်သည်။
ပြစ်ဒဏ်ကိုတိုးမြှင့်သလို မုဒိမ်းမှုဖြစ်စေသော နောက်ကွယ်မှအကြောင်းများကိုလည်း ပွင့်ပွင့်လင်း လင်းဆွေးနွေးတိုင်ပင်ကြဖို့ ကောင်းသည်။ ဤကိစ္စကြီးကို မပြောရဲသလို မပြောသင့်သလိုလို၊ ပြောရင်ပဲ ရိုင်းရာကျသလိုလို လုပ်နေတာတွေတော်သင့်ပါပြီ။ လူတွေထဲမှာရော၊ အစိုးရအဖွဲ့ထဲမှာ ရော၊ လွှတ်တော်မှာရော၊ အမျိုးဘာသာစောင့်ရှောက်သောအဖွဲ့တွေမှာရော ဒီကိစ္စတွေပေါ်လာစေ သော နောက်ကွယ်က အကြောင်းတရားတွေကို သတ္တိရှိရှိ ပွင့်လင်းမြင်သာ ဆွေးနွေးကြပြီး အကြံကောင်းဥာဏ်ကောင်းများကို လက်ခံဖို့အချိန်ကျပြီဟု ထင်မြင်မိပါကြောင်း။
သရ၀ဏ်(ပြည်)
No comments:
Post a Comment