လူရှစ်ဦးသေဆုံးခဲ့သည့် အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှု ယာဉ်မောင်းကို ပုဒ်မသုံးခုဖြင့် လှည်းကူးမြို့နယ် တရားရုံးက ယနေ့(မတ်၂၁ ရက်)တွင် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်သည်။
လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၄/၁) နှင့် (၄/၂) ကြားတွင် ဇန်န၀ါရီ ၂၁ ရက်၊ နံနက် ၈ နာရီခွဲခန့်က ပုဂံမှ ဘုရားဖူးပြန်လာသည့် ဆဋ္ဌဂံဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် အပါအ၀င် ၀န်ထမ်းများ လိုက်ပါ စီးနင်းလာသည့် Hi Ace အမျိုးအစား အန်စာတုံးယာဉ်သည် ဘီးပေါက်ပြီး လမ်း၏၀ဲဘက်တွင် ကာရံထားသည့် အလူမီနီယံ လက်တန်းကို ၀င်တိုက်မိရာမှ ဆီတိုင်ကီပေါက်ကာ မီးလောင်ခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူကိုးဦးအနက် ရှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက် ယင်းယာဉ်တိုက်မှုတွင် ကနဦး စစ်ဆေးချက်အရ ဆဋ္ဌဂံဆောက်လုပ်ရေး လုပ်ငန်း၏ပိုင်ရှင် ဖြစ်သူ ဦးဝင်းထွန်းကို အမှုဖွင့်ခဲ့သော်လည်း ယာဉ်ပေါ်မှ တစ်ဦးတည်း အသက်ရှင် ကျန်ရှိခဲ့သည့် ယင်းဆောက်လုပ်ရေး လုပ်ငန်း၏ ၀န်ထမ်းဖြစ်သူ ကိုအောင်ခန့် (ခ)ဇွဲမြန်မာ ကို စစ်ဆေးရာ ၎င်းသည် အခင်းဖြစ်ပွားစဉ်က ယာဉ်ကိုမောင်းနှင်ခဲ့ကြောင်း ၀န်ခံခဲ့သဖြင့် ပြောင်းလဲ အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၃) လမ်းဆုံ အမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။
ယာဉ်ကိုမောင်းနှင်သည်ဟု ၀န်ခံခဲ့သည့် ကိုအောင်ခန့်(ခ) ဇွဲမြန်မာကို အမှတ် (၃) လမ်းဆုံအမြန်လမ်း ရဲစခန်းက (ပ) ၄/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၂၇၉ / ၂၈၅ တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယနေ့ (မတ် ၂၁ ရက်) တွင် အမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် လှည်းကူးမြို့နယ် တရားရုံးတော်မှ အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။
အမိန့်ချမှတ်ရခြင်းနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိက ''ရာဇသတ်ကြီးပုဒ်မ ၃၀၄- က အရ ထောင်ဒဏ် ၇ နှစ်ချမှတ်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ ထောင်ဒဏ် ၃ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ အရ ၂ နှစ် အားလုံးပြစ်ဒဏ်တွေကို သီးခြားစီကျခံစေပါတယ်။ အလုပ်နှင့် ထောင်ဒဏ် ဖြစ်ပါတယ်။ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တယ်။ ချမှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး သီးခြားစီဖြစ်တဲ့ အတွက် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ်ဖြစ်ပါတယ်''ဟု ပြောသည်။
ကိုအောင်ခန့် (ခ)ဇွဲမြန်မာကို ဖေဖော်ဝါရီ ၂၀ ရက်က လှည်းကူးမြို့နယ် တရားရုံးတွင် ပေါ့ဆမှုကြောင့် လူသေဆုံးသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် တရားလိုပြသက်သေ ၂၂ ဦး ၊ တရားခံအပါအဝင် တရားခံပြသက်သေ ၃ ဦးနှင့် ပြန်ခေါ်သက်သေ ၄ ဦး ဆက်လက် စစ်ဆေးခဲ့ပြီး ယနေ့တွင် အမိန့် ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး သေဆုံးသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ''ကျေနပ်တာကတော့ အစကတည်းက မကျေနပ်တာ။ အမှုစစ်ကတည်းက” ၎င်းကို သတင်းထောက်တစ်ဦးက မည်သည့်အတွက်ကြောင့် ဟုမေးမြန်းရာ ''ဒီလူတွေဟာ ထိုင်လျက်သေနေတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ အဲ့ဒီအလောင်းတွေဟာ ရာဇဝတ်မှုကိစ္စ ဖြစ်တဲ့အတွက် ၂၄ နာရီလုံးဝ မသဂြိုရ်ကပါဘူး။ ၂၄ နာရီမပြည့်ဘဲ သင်္ဂြိုလ်လိုက်တယ်။ ၂၄ နာရီမပြည့်ဘဲ ဘယ်လိုလူမျိုးကိုမှ လုံးဝ သင်္ဂြိုလ်ခွင့်မ ရှိဘူး။ တုတ်ကလေးနဲ့ ထိမိတာ ရှမိတာတောင် ဆေးရုံကနေ ပြန်ခေါ်သွားခွင့် မရှိဘူး။ အရာရှိဖြစ်ဖြစ် ဘယ်လိုလူမျိုးဖြစ်ဖြစ် ဒီလိုအမှုမျိုးဆိုရင် ၂၄ နာရီ မသင်္ဂြိုလ်ရဘူး။ ၂၄ နာရီမပြည့်သေးဘဲ ဒီလိုအမှုကို ဘာလို့ သင်္ဂြိုလ်လိုက်တာလဲ'' ဟု သတင်းထောက်မျာ မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။
စိုင်းဟန်
The Ladies News
No comments:
Post a Comment