Wednesday, March 21, 2018

ပြည်သူတချို့က အားမလိုအားမရဖြင့် ငြိမ်းချမ်းရေး ဘယ်တော့ရမှာလဲဟု မေးမြန်းမှုများရှိနေသည်ဟု JMC-U ဒုဥက္ကဋ္ဌ ၂ ပြောကြား


လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြည်သူတချို့က အားမလိုအားမရဖြင့် ငြိမ်းချမ်းရေး ဘယ်တော့ရမှာလဲဟု မေးမြန်းမှုများ ရှိနေသည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၂) ဦးပြည့်စုံက ပြောကြားသည်။

 

မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ NRPC ရုံးတွင် ပြုလုပ်နေသော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ၁၅ ကြိမ်မြောက် အစည်းအဝေး တွင် အဖွင့်အမှာစကား ပြောကြားရာ၌ ဒုဥက္ကဋ္ဌ (၂) ဦးပြည့်စုံက ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

 

`ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတာ အားလုံးဟာ တာဝန်ရှိတဲ့သူတွေရော နောက် တချို့ပြည်သူတွေပါ ပါဝင်ပြီးတော့ ဆောင်ရွက်နေကြတာ တော်တ်ာများများ သိနေပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံကြတဲ့ ပြည်သူထဲက တချို့ကတော့ အားမလိုအားမရနဲ့ ခင်ဗျားတို့ ငြိမ်းချမ်းရေး ခရီးက ဘယ်တော့ ရောက်မှာလဲ၊ ငြိမ်းချမ်းရေးက ဘယ်တော့ရမှာလဲလို့ ကျွန်တော်တို့ကို အားမလိုအားမရ မေးကြတာတွေ တွေ့ပါတယ်` ဟု ၄င်းကပြောကြားသည်။

 

အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး တစ်ဦးတည်း ပုဂ္ဂလိကအနေဖြင့် ပြန်လည်ဖြေကြားခဲ့သည်ကတော့ လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးသည် အပြည့်အ၀မရသည်မှာ မှန်သော်ငြားလည်း NCA တွင် လက်မှတ်ရေးထိုး လိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အခြေဆိုက်ရာ ဒေသများမှု ငြိမ်းချမ်းရေး၏ အကျိုးရလဒ်ကို အတိုင်းအတာ တစ်ခုအထိ ခံစားနေရသည်ဟု ဦးပြည်စုံက ပြောကြားသည်။

 

`ငြိမ်းချမ်းရေဟာ အပြည့်အစုံမရတာ မှန်သော်လည်း NCA လက်မှတ်ရေးထိုးတဲ့ အချိန်ကနေစပြီးတော့ ငြိမ်းချမ်းရေးဟာ ရနေပြီ၊ အတိုင်းအတာ တစ်ခုအထိ ဒီဟာတွေကို ခံစားနေရပြီဆိုတာ ကျွန်တော် တင်ပြခဲ့ပါတယ်။ ဘာလဲဆိုလို့ရှိရင် လက်မှတ်ရေးထိုးလိုက်တာနဲ့ တရားဝင် အဖွဲ့အစည်းဖြစ်သွားတယ်။ အဲဒီအချိန်အခါမှာ အဲဒီဒေသ ဖွံ့ဖြိုးတိုးတက်အောင် နောက်တစ်ခါ အဲဒီဒေသမှာ ယမ်းငွေ့တွေကင်းအောင် အမြှောက်သံ ဗုံးသံတွေ ဒါတွေ လျှော့နည်းအောင် ချုပ်ငြိမ်းသွားအောင် လုပ်နိုင်တဲ့နေရာတွေ အများကြီး ရှိပါတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးရဲ့ အရသာပါ` ဟု ၄င်းကပြောကြားသည်။

 

JMC ကို တပ်မတော်နှင့် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားပြီး ယခုဆိုလျင် JMC လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်မှာ ၂ နှစ်ကျော် အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

 

JMC ၏ လုပ်ငန်းများကို အကောင်အထည်ဖေါ်သည့်နေရာတွင် နှစ်ဖက်ညှိနှိုင်းပြီး သဘောတူထားသည့် NCA၊ JMC အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်းများ၊ နှစ်ဖက်လေးစား လိုက်နာရမည့် စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များ၊ လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်သည်ဟု JMC-U ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

မတ်လ လဆန်းမှစတင်ကာ NCA တွင် လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုသားအစည်းအရုံး (KNU) နှင့် တပ်မတော်တို့ ဖာပွန်ခရိုင်အတွင်း၌ စစ်ရေးတင်မားမှုအချို့ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့လည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်မှုများ ရှိနေသည်။

 

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ NCA တွင် လက်မှတ်ရေးထိုးခဲ့သည် မွန်ပြည်သစ်ပါတီ (NMSP) အား JMC-U နှင့် JMC-S များတွင် ပါဝင်ဖွဲ့စည်းရေးကိုလည်း ၁၅ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖြစ် နိုင်လယီကောင်း တက်ရောက်ခဲ့သည်။

 

အောင်ရဲနောင်

The Ladies News

No comments:

Post a Comment